နယ်စပ်ခြံစည်းရိုး ဆက်ခတ်ရင် ထပ်တိုက်ခိုက်မယ်လို့ NSCN-K ပြော
အိန္ဒိယအစိုးရက အိန္ဒိယ–မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်တာတွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ခိုက်မှုတွေ ထပ်လုပ်သွားမယ်လို့ NSCN-K (YA) တပ်ဖွဲ့က KNG ကို ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂပြည်သူတွေနဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့တွေ ကန့်ကွက်နေတဲ့ကြားက အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးခတ်တာတွေ ဆက်လုပ်နေတာကြောင့် နယ်စပ်တစ်လျှောက် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် ခြံစည်းရိုးခတ်တာကို မရပ်ဘဲ ဆက်လုပ်နေမယ်ဆိုရင်လည်း ထပ်တိုက်ခိုက်သွားမယ်လို့ NSCN-K (YA) တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဟုတ်ပါတယ်။ မနားဘဲ နယ်စပ်ခြံစည်းရိုး ဆက်ခတ်နေရင် ထပ်ပြီးတော့ တိုက်နေဦးမှာပါ”လို့ NSCN-K (YA) တပ်ဖွဲ့တာဝန်ရှိသူက KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း နာဂဒေသ၊ ပန်ဆောင်မြို့နယ်ခွဲ အနောက်ဘက်၊ မြန်မာ–အိန္ဒိယနယ်စပ် မှတ်တိုင် ၁၇၂ အနီးမှာ ခြံစည်းရိုးခတ်နေတဲ့ အိန္ဒိယစစ်တပ်ရဲ့ အမှတ် ၂၁ အာသံရိုင်ဖယ်တပ်ဖွဲ့ကို NSCN-K (YA) က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ပိုင်း အိန္ဒိယတပ်ဖွဲ့တွေ နယ်စပ်အနီးကနေ ပြန်ဆုတ်သွားပုံရပြီး လက်ရှိမှာ နယ်စပ်တစ်လျှောက် အခြေအနေ ငြိမ်သက်နေတယ်လို့ NSCN-K (YA) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ တပ်ဖွဲ့ဘက်က နယ်စပ်တစ်လျှောက် ပုံမှန်စစ်ရေးလှုပ်ရှားနေပြီး ထိတွေ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ တိုက်ပွဲဖြစ်ပြီးနောက် အိန္ဒိယအစိုးရက မြန်မာ–အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းမကြီးကို ရုတ်တရက် ပိတ်ချခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြန်မဖွင့်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“နယ်စပ်လမ်းကတော့ မဖွင့်သေးဘူး။ ၂၀ ရက်ကျော်ရင် ဖွင့်မယ်လို့တော့ ပြောတယ်။ အခုတော့ အခြေအနေ မထူးသေးဘူး။ နယ်စပ်ဈေးတွေလည်း ပိတ်ထားတုန်း”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိန္ဒိယအစိုးရဟာ နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၂၅ ခုနှစ်ကစပြီး နယ်စပ်ခြံစည်းရိုးခတ်တဲ့လုပ်ငန်းကို စတင်ခဲ့တာပါ။
NSCN-K (YA) တပ်ဖွဲ့ဟာ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ခြံစည်းရိုးခတ်နေတဲ့ အိန္ဒိယတပ်ဖွဲ့တွေကို အနည်းဆုံး ၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်၊ ဇွန် ၅ ရက်၊ ဇူလိုင် ၆ ရက်နဲ့ အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်နဲ့ စက်တင်ဘာ ၂၉ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
နှစ်ဖက်အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားချိန်မှာ အိန္ဒိယတပ်ဖွဲ့ဘက်က မြန်မာဘက်ခြမ်း နယ်စပ်ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း မကြာခဏ ရှိခဲ့တယ်လို့ သိရပါတယ်။
နာဂဒေသမှာ အရင်က ဗိုလ်ချုပ် ခပ္ပလန် ဦးဆောင်တဲ့ NSCN-K တစ်ဖွဲ့တည်း ရှိခဲ့ပေမဲ့ ခပ္ပလန် ကွယ်လွန်ပြီးနောက် ခေါင်းဆောင်ပိုင်း သဘောထားကွဲလွဲမှုတွေကြောင့် ဗိုလ်ချုပ် ယုန်းအောင် ဦးဆောင်တဲ့ NSCN-K (YA) နဲ့ ဗိုလ်ချုပ် အန်းမိုင်း ဦးဆောင်တဲ့ NSCN-K (AM) ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။
အဲဒီနှစ်ဖွဲ့ထဲမှာ NSCN-K (AM) ဟာ လက်ရှိ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့အဖွဲ့ဖြစ်ပြီး NSCN-K (YA) ကတော့ အိန္ဒိယစစ်တပ်နဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
By – Zaw Zaw



