ပြည်သူ့စစ်ဝင်လာလို့ ခါးလန်၊ဇီယာဒမ်းဘက်က လူငယ်တွေ တိမ်းရှောင်နေရဟုဆို

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက ခါးလန်နဲ့ ဇီယာဒမ်းကျေးရွာတွေဘက်ကို တန်ဂူးတန်ဦးဆောင်တဲ့ ရဝမ်ပြည်သူ့စစ်အဖွဲ့ ဝင်ရောက်လာပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာကြောင့် ကျေးရွာနေ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ အဲဒီကျေးရွာတွေကို တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ စစ်ကြောင်း ဝင်ရောက်လာတာဖြစ်ပြီး လူငယ် ၄၊ ၅ ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“သူတို့ (ပြည်သူ့စစ်) တွေ သွားလိုက်တာ မှန်ပါတယ်။ သတင်းတိကျတယ်။ လူငယ်တွေကို စစ်မှုထမ်းထဲထည့်ဖို့ သွားဖမ်းတာတဲ့။ လူငယ် လေး၊ ငါးယောက်မကတော့ ဖမ်းခံထားရတယ်လို့ ပြောတယ်။ နောက်ဆက်တွဲကတော့ မသိရသေးဘူး” လို့ အသက် ၅၀ အရွယ် ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အောက်တိုဘာ ၁၂ ရက်ကစပြီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ အရပ်ဘက်သုံး ကားငယ်တွေနဲ့ ဆိုင်ကယ်တွေကို အသုံးပြုပြီး အဲဒီကျေးရွာတွေဘက်ကို သွားရောက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်သူ့စစ်တွေ ဝင်ရောက်လာပြီးနောက်ပိုင်း အဲဒီဒေသဘက်ကို ဆက်သွယ်လို့ မရတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်တွေ၊ ကားသေးလေးတွေလို့ သိရတယ်။ လမ်းက ကားကြီးမပေါက်ဘူး၊ ကားသေးပဲ ရမယ်။ လောလောဆယ် အဲဒီဘက်ကို ဆက်သွယ်လို့ မရတော့ဘူး။ ပြည်သူ့စစ်တွေ သွားလိုက်တဲ့ကတည်းက”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ခါးလန်ကျေးရွာဟာ ပူတာအိုမြို့နဲ့ ၁၀ မိုင်ကျော်၊ ဇီယာဒမ်းကျေးရွာကတော့ မိုင် ၂၀ ကျော်အကွာမှာ ရှိပါတယ်။

PSA

ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေဆီသွားတဲ့ လမ်းပိုင်းတွေမှာ ပိတ်ဆို့စစ်ဆေးတာနဲ့ ကျေးရွာထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် လူငယ်တွေဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြည်သူ့စစ်တွေ ခါးလန်နဲ့ ဇီယာဒမ်းဘက် ဝင်ရောက်လာတာ မှန်ကန်ကြောင်း KNG ကို ပြောပါတယ်။

ခါးလန်နဲ့ ဇီယာဒမ်းဟာ အိမ်ခြေနဲ့ လူဦးရေနည်းတဲ့ ကျေးရွာငယ်တွေ ဖြစ်ပါတယ်။

ပူတာအိုမြို့ပေါ်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံရပြီးနောက် ခါးလန်နဲ့ ဇီယာဒမ်းဘက်ကို လူငယ်တွေ တိမ်းရှောင်နေတယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူ့စစ်တွေ ထပ်ပြီးဝင်ဖမ်းတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် မချမ်းဘော့နဲ့ မြစ်ကြီးနားဘက်ကို သွားတဲ့ လမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ရှိနေတာကြောင့် လူငယ်တွေအတွက် တိမ်းရှောင်ဖို့ လမ်းကြောင်းလည်း နည်းပါးနေတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဇီယာဒမ်းနဲ့ ခါးလန်ကျေးရွာတွေဘက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် မြေပြင်အခြေအနေကို အသေးစိတ် သိရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ ပူတာအို၊ မချမ်းဘော့မြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေ၊ ရွှေမှော်တွေမှာ ရှိနေတဲ့ လူငယ်တွေကို စက်တင်ဘာ ၁၀ ရက်ကစပြီး လိုက်လံဖမ်းဆီးနေခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ရာနဲ့ချီရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလူငယ်တွေထဲက ၇၀ ကျော်ကိုလည်း ပူတာအိုမြို့ပေါ်က တန်ဂူးတန်ပြည်သူ့စစ် အခြေစိုက်စခန်းမှာ စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button