ပူတာအိုမှာ နေအိမ် ၃ လုံး မီးလောင်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်မှာ နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း မီးလောင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက် မနက် ၁ နာရီခွဲခန့်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး အလယ်အိမ်ကနေ ဘေးအိမ်နှစ်လုံးကိုပါ မီးကူးစက်ခဲ့တယ်လို့ ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“မနက် လူတွေအိပ်ကောင်းနေတဲ့အချိန် မီးထလောင်သွားတာဗျ။ မီးမွေးထားတာလည်း မရှိဘူး။ အလယ်အိမ်ကနေ စလောင်တာ၊ ဘေးနှစ်အိမ်ပါ မီးကူးပြီး သုံးအိမ်ဆက်တိုက် လောင်သွားတယ်” လို့  ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမဲ့ ဖုန်းအားသွင်းထားရာက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစလောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PSA

“အိမ်ကတော့ သုံးလုံးစလုံး ပြာကျသွားတယ်။ အမျိုးသမီးကြီးတစ်ယောက်လည်း မီးလောင်တယ်။ အသက်ကလည်း ကြီးပြီဆိုတော့ အခု ဆေးရုံတင်ထားရတယ်” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်“နောက်ထပ် ဒေသခံအမျိုးသမီးတ်စဦးပြောပါတယ်။

မီးလောင်မှုကြောင့် ပျဉ်ထောင်၊ သွပ်မိုးနေအိမ် ၃ လုံးလုံး ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ အတည်ပြုနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ်ပိုင်ရှင်တွေကို သက်ဆိုင်ရာက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပူတာအိုမြို့မှာ လျှပ်စစ်ဝါယာရှော့ကြောင့် နေအိမ်မီးလောင်တာတွေ နှစ်စဉ်ကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ဝါယာရှော့ကြောင့် နေအိမ် ၂ လုံးထက်မနည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာမီးသတ်ဦးစီးဌာနစာရင်းက၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၀ ရက်အထိ မီးလောင်မှု ၁၉၆ ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button