ဗန်းမော်အပါ မံစီကိုပါ ထိန်းချုပ်ဖို့ စစ်တပ်ကြိုးပမ်းလာတယ်လို့ KIO ပြော

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ကနေ မံစီမြို့နယ်ဘက်ကိုပါ စစ်ကောင်စီတပ် စစ်ကြောင်းဦးတည်ပြီး တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ခံစစ်တိုက်ပွဲ ဆင်နွှဲနေရတယ်လို့ KIO က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဗန်းမော်မြို့တောင်ဘက်၊ မံစီဒေသနဲ့ ထိစပ်နေတဲ့ ခလရ ၄၇ တပ်ရင်းအနီး ကုန်းမဟတ်၊ ဟန်းတဲနဲ့ တိမ်ကုန်းစတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ဗန်းမော်စစ်ရေးက ခလရ ၄၇ တဝိုက်မှာ တိုက်ပွဲနေ့တိုင်းလို ဖြစ်နေပါတယ်။ ဗန်းမော်မြို့နဲ့ကတော့ တောင်ဘက်ကျပါတယ်။ ကျွန်တော်တို့အတွက်က ခံစစ်ဖြစ်ပါတယ်။ စစ်တပ်ဘက်က ထိုးဝင်လာလို့ ခုခံတိုက်ခိုက်နေရတာပါ” လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ဘက်ကို စစ်မျက်နှာ ၃ ခုခန့်ကနေ မြေပြင်စစ်ကြောင်းတွေ ထိုးလာတဲ့အပြင် ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိမြေပြင်တိုက်ပွဲ အခြေအနေအရ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေရုံသာမက မံစီဒေသဘက်ကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတဲ့ပုံစံ တွေ့ရတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

“တိုက်ပွဲက ခါတိုင်းလည်း ပုံမှန်ဖြစ်နေပါတယ်။ ဒါပေမဲ့ အခုက အရင်ကထက် ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ပြောရမယ်။ အခုတိုက်ပွဲဖြစ်နေတဲ့နေရာက မံစီကို သွားတဲ့ ဆက်စပ်နယ်မြေတွေ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မံစီကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလားပေါ့၊ မြင်တွေ့ရပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောက်ထပ်စစ်မျက်နှာတစ်ခုအနေနဲ့ ဗန်းမော်မြို့ကနေ မိုးမောက်သွားလမ်း ၃ မိုင်နေရာအထိ စစ်ကြောင်းဖြန့်ပြီး ထိုးစစ်ဆင်နေပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ အောက်တိုဘာ ၁၁ ရက်က ၃ မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

KIA စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို မံစီနဲ့ မိုးမောက်ဘက်ကိုပါ စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ မန္တလေးဘက်ကနေ စစ်သင်္ဘောတချို့ ဗန်းမော်ကို ရောက်ရှိလာပြီးနောက် စစ်ကောင်စီတပ်ဘက်က ထိုးစစ်အရှိန် မြှင့်လာတာလို့ သိရပါတယ်။

PSA

ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကြောင်းပေါ်မှာ တည်ရှိပြီး ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။ တရုတ်နယ်စပ်နဲ့ ဆက်သွယ်သွားလာရေးအတွက်လည်း အရေးပါတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးလုပ်လာတာ ၂ နှစ်ကျော် ရှိလာပြီဖြစ်ပါတယ်။

ဗန်းမော်စစ်ရေးအပြင် အောက်တိုဘာလအတွင်း ကချင်ပြည်နယ်အတွက် စစ်ရေးအရ အရေးပါတဲ့ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသမှာလည်း တိုက်ပွဲတွေ နေ့တိုင်းနီးပါး ပြင်းထန်နေပါတယ်။

အဲဒီဒေသမှာ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တို့ ဝင်ရောက်လာနိုင်တဲ့ အဓိကလမ်းကြောင်းတွေကို ပိတ်ဆို့ဟန့်တားနိုင်ဖို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးကတော့ KIA ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းအနီး သဲဇလောက်ဒေသမှာ SNA တပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် တောင်ဦးကနေ ရေပေါ်မီးဘက်အထိ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“KIA ဘက်က ထိုးစစ်ဖော်ဆောင်နေတာရှိတယ်။ ဒီရက်ပိုင်း သဲဇလောက်မှာ သိမ်းပိုက်နိုင်တဲ့ SNA တပ်စခန်းလည်းရှိပါတယ်။ KIA က တောင်ဦးကနေ ရေပေါ်မီးအထိ ထိုးစစ်ဆင်ဖို့ လုပ်နေတယ်လို့ မြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ရေပေါ်မီးဆိုတဲ့နေရာက SNA တပ်တွေအတွက် အဖွင့်လမ်းဖြစ်တယ်။ KIA တွေအတွက်က အပိတ်နေရာပေါ့” လို့ သူက ပြောပါတယ်။

ရေပေါ်မီးဟာ ကချင်နဲ့ စစ်ကိုင်းအစပ်ဒေသအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပြီး တစ်ဖက်ကမ်းမှာတော့ SNA တပ်တွေ အဓိကထိန်းချုပ်ထားတဲ့ ဟုမ္မလင်းနဲ့ နန့်တောနယ်မြေတွေ ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် KIA ပူးပေါင်းတပ်တွေက ဆယ်ဇင်းဒေသအတွက် အရေးပါတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့ ပိတ်ဆို့တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလည်း ဆယ်ဇင်းဒေသအနီး ဟုမ္မလင်းမြို့နယ်ထဲက SNA တပ်ဖွဲ့ရဲ့ အရေးပါတဲ့ တပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button