ကချင် နဲ့ ရှမ်းလူမျိုးကြား စစ်တပ်ရဲ့ သွေးထိုးလှုံ့ဆော်မှုအကြောင်း KIO ဥက္ကဋ္ဌ ဖော်ပြ

အတူတကွနေထိုင်လာခဲ့ကြတဲ့ ကချင်နဲ့ ရှမ်းလူမျိုးနှစ်ခုကြားစစ်တပ်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် လူမျိုးရေးပဋိပက္ခ ပိုပြီးဆိုးရွားလာတယ်လို့ KIO ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ရှမ်းနီ SNA တပ်ဆိုတဲ့ နာမည်နဲ့ တိုက်ခိုက်တာတွေကခိုင်မာတဲ့ သက်သေတစ်ခုဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့ KIO တည်ထောင်ခြင်း ၆၆ နှစ်ပြည့်အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်ပါတယ်။

“အာဏာသိမ်းစစ်တပ်က အချိန်ကြာ အတူတကွနေထိုင်လာခဲ့ကြတဲ့ ရှမ်းနဲ့ ကချင်ကြားမှာ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ပြီး ပဋိပက္ခ ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခြေအနေတွေက ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုဆိုးရွားလာတာကို မြင်တွေ့ရပါတယ်။ ရှမ်းနီ SNA ဆိုတဲ့ အမည်နာမ ချုပ်ကိုင်ထားပြီး စစ်ရေးတိုက်ခိုက်လာတာတွေက ခိုင်မာတဲ့ သက်သေတွေပါပဲ”လို့ ပြောပါတယ်။

ပင်လုံ ကတိကဝတ် ပေါ်ပေါက်လာရေးအတွက်လည်း ကချင်နဲ့ရှမ်းခေါင်းဆောင်တွေ ကြိုးပမ်းခဲ့တာတွေလည်း သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လပြောပါတယ်။

စစ်တပ်ဟာ ရှမ်းလူမျိုးတစ်ချို့ကိုလည်း နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ရာမှာလည်း ဗမာဆိုပြီး သတ်မှတ်ယူနေတဲ့ လုပ်ရပ်တွေကိုလည်း ရှမ်းလူမျိုးတွေအနေနဲ့ သေချာစဉ်းစားသင့်တဲ့ အခြေအနေဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

PSA

အခုလို ခေတ်အဆက်ဆက် အတူယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ကချင်နဲ့ရှမ်းလူမျိုးနှစ်ခုကြား စစ်တပ်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးဖို့လည်း ပြည်ထောင်စု အားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ၊ KIO ဖွဲ့စည်းတည်ထောင်တဲ့ ၆၆ နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းမှာ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် မရပ်မနားကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီတပ်က ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးနှင့် ပြည်သူလူထုတွေ ကောင်းမွန်စွာ နေထိုင်ရှင်သန်ရေးကို မလိုလားတဲ့အတွက် မြို့၊ကျေးရွာဒေသတွေမှာ အရပ်သားနေအိမ်တွေ၊ လုပ်ကိုင်စားသောက်တဲ့နေရာတွေ၊စာသင်ကျောင်းနဲ့ ဘာသာရေးကျောင်းနေရာတွေအထိ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်ကပြောပါတယ်။

ဒါပေမယ့် KIO အနေနဲ့ တော်လှန်ရေးရည်မှန်းချက်ကိုဆက်လက်အကောင်အထည်ဖော် တိုက်ပွဲဝင်သွားမည်ဖြစ်တယ်လို့ဗိုလ်ချုပ်ကြီး အင်ဘန်ကဆက်ပြောပါတယ်။

“ပြည်သူလူထုတွေအနေနဲ့ စစ်တပ်ရဲ့ စစ်ရေးပရိယာယ်ကို စစ်ရေးရည်မှန်းချက်အောင်မြင်သွားတဲ့အထိ လက်တွဲညီညီလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖြင့် တိုင်းရင်းသားများရဲ့ တန်းတူအခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့လည်း ပဋိပက္ခများဖန်တီးပေးကာ သွေးခွဲအုပ်ချုပ်တဲ့ နည်းဗျူဟာများကို အသုံးပြုခဲ့ကြောင်းလည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းမှာပြောဆိုထားပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button