စစ်ရေး

  • Sep- 2024 -
    25 September

    ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ

    ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ့်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။ “စစ်သားတွေတော့အခုထပ်မပို့လာတော့ဘူး ပြီးခဲ့တဲ့ ၇ လပိုင်းကတော့ အောက်ပိုင်းကနေ စစ်ရယာဥ်နဲ့အများကြီးလာချတယ်။ ပြီးတော့ ခရီးသည်တင်တဲ့လေယာဥ်နဲ့လည်း ပူတာအိုထဲလာချတယ်အရပ်သားပုံစံနဲ့ အခုကတပ်ဖြန့်ထားပြီလေး နေရာတိုင်းမှာ”လို့ပူတာအို မြို့ လေယာဉ် ကွင်းရပ်ကွက်နေအမျိုးသား တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အရင်ကတပ်စွန့်ခွာခဲ့တဲ့ထဝါဒမ်းထောက်ပို့တပ်ထဲမှာလည်းအင်အားအများအပြားနဲ့တပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးတဲ့နောက် ပူတာအိုအခြေစိုက် တန်ဂူးတန်ပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ကိုပြန်သိမ်းဖို့မကြာခနစစ်ကြောင်းထိုးခဲ့ပေမယ့် KIA၊KPDF ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ “သူတို့ကတော့ခနခနသွားနေတာပဲ စစ်ကားတွေနဲ့ လွန်ခဲ့တဲ့ ၇လပိုင်းအထိပေါ့ သူတို့အထိနာပြီးပြန်ပြန်ဆုတ်လာတာပဲ အခုအဲ့ဘက်ကိုစစ်ကြောင်းမထိုးပဲငြိမ်နေတာ ဒီတစ်ခေါက်ကအင်အားအလုံးအရင်းနဲ့ပြန်ထိုးဖို့ဆိုပြီးပြင်ဆင်နေတာတဲ့”လို့ပူတာအိုမြို့ခံတစ်ဦးကပြောပါတယ်။  ဆွမ်ပရာဘွမ်မြို့ပြန်သိမ်းမယ့်သတင်းဟာ လက်ရှိပူတာအို ဒေသခံတွေကြားမှာလည်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဆွမ်ပရာဘွမ်ပြန်သိမ်းမယ်လို့တော့သတင်းထွက်နေတာပဲ တစ်လလောက်ရှိပြီဘယ်နေ့လဲတော့မသိဘူး တိုက်ပွဲဖြစ်ရင်လမ်းကပိတ်ကုန်စျေးကကြီးအုံးမှာတွေးပြီးစိုးရိမ်နေရတယ်တချို့တော့ကြိုတင်ပြီးဆီတွေ၊ဆန်တွေလှောင်ထားကြတယ်ပိုက်ဆံရှိတဲ့သူတွေပေါ့”လို့ အသက် ၃၂ နှစ်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ပူတာအိုဒေသအတွက်တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတာကြောင့် တိုက်ပွဲဖြစ်ရင်ကားလမ်းပိတ်သွားမှာဖြစ်တာကြောင့် ပူတာအိုဒေသခံတွေအထူးစိုးရိမ်နေရပြီး တစ်ချို့က စားနပ်ရိက္ခာတွေ၊စက်သုံးဆီတွေကြိုတင်စုဆောင်းတာမျိုးရှိနေတယ်လို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဆွမ်းပရာဘွမ်မြို့ကို သိမ်းပိုက်ဖို့ ဒီနှစ် မတ်လပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာမေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီး မြို့တွေ၊ရွာတွေနဲ့ ရှေ့တန်းစခန်းအများအပြားဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လူံးကို ဇွန်လ ၂၁ ရက်နေ့ကစ ဖုန်း အင်အာနက်လိုင်းတွေအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်သိမ်းမယ့် ရန်နိုင်မင်းစစ်ဆင်ရေးအမည်နဲ့တစ်နိုင်ငံလုံးအဆင့် စစ်ရေးစတင်လှုပ်ရှားနေတယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့အကြား …

    Read More »
  • 20 September

    ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာတဲ့အတွက် ပြည်သူတွေစစ်ရေးအထူးသတိရှိကြဖို့  KIO ပြော

    ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ရေးအထူးသတိရှိကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ…

    Read More »
  • 11 September
    photo- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    လမြန်ရွာအနီး ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲဖို့ပြင်ဆင်နေ

    ဝိုင်းမော်မြို့နယ် လမြန်ရွာမှာရှိတဲ့ ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲနေရာယူဖို့ပြင်ဆင်နေတယ်လို့ ဝူယန်ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ နောက်ပိုင်း ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်လိုက်တဲ့နောက် ဝိုင်းမော်မြို့ အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ရွာမှာအထိုင်ချထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ စစ်အင်အားတောက်လျှောက်ဖြည့်တင်းနေပြီး ဆုတောင်းတောင်အထိ တပ်စွဲဖို့ပြင်ဆင်လာတာဖြစ်တယ်လို့ ဝူယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရွာနားက အမြင့်ဆုံးတောင်လို့ပြောလို့ရတယ် လမြန်ရွာနဲ့နီးသလို ဝူယန်ရွာနဲ့လဲနီးတယ် တော်တော်မြင့်တယ် ခုအဲမှာ စစ်သားတွေနဲ့ပြည်သူ့စစ်တွေထိုင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ တောင်ခြေမှာတော့ KIA ပူးပေါင်းတပ်တွေရှိတော့ အဲဒီနေရာကိုယူနိုင်ဖို့ စစ်ကြောင်းထိုးနေတာ အဲဒါကြောင့် တိုက်ပွဲဖြစ်နေတာဟုတ်တယ်” လို့ပြောပါတယ်။ စစ်တပ်ဘက်က ဆုတောင်းတောင်မှာ တပ်စွဲနိုင်ဖို့ စစ်ကြောင်းထိုးနေပြီး  KIA ပူးပေါင်းတပ်ဘက်ကလည်း အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာတွေရှိနေတာကြောင့် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ခုလို စစ်ကြောင်းထိုးလာတာနဲ့တစ်ဆက်တည်း ဝူယန်၊လမြန်၊စတဲ့ကျေးရွာအနီးပတ်ဝန်းကျင်  နှစ်ဖက်လက်နက်ကိုင်အဖွဲ့စစ်ရေးလှုပ်ရှားတာတွေဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ တိုက်ပွဲဟာ ရွာအတွင်း၊ရွာပြင်ပမှာ ဖြစ်နေပြီး နှစ်ဖက်တပ်အကြားပစ်ခတ်တဲ့လက်နက်ကြီး လက်နက်ငယ်ကျရောက်ပေါက်ကွဲတာကြောင့် ရွာထဲက အရပ်သားနေအိမ်အများအပြားမီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ သိရပြီး အများဆုံးမီးလောင်ပျက်စီးတဲ့အပိုင်းဟာ ရွာအောက်ပိုင်းရပ်ကွက်ဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။ “ရွာအောက်ပိုင်း အိမ်တွေ ကုန်သလောက်ရှိနေပြီ  တစ်ချို့အိမ်တွေ ဘာမှမကျန်ဘူး မီးလောင်တဲ့ထဲပါကုန်တာ။ တစ်ချို့အိမ်တွေတော့ လက်နက်ကြီးထိထားတာတွေရှိတယ်လို့” လို့ ဝူယန်ပြည်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို နှစ်ဖက်လက်နက်ကိုင်တပ်အကြား စစ်ရေးတင်းမာနေတာကြောင့် ရံဖန်ရံခါ လမ်းပိတ်တာတွေလည်းရှိနေတဲ့အတွက် ပြည်သူတွေဟာ နေအိမ်ခနတစ်ဖြုတ်ပြန်ဖို့သွားကြည့်ဖို့ပင် ခက်ခဲနေတယ်လို့ သိရပါတယ်။ လမြန်ကျေးရွာဟာ ဝူယန်ကျေးရွာအုပ်စုကျေးရွာဝင်ဖြစ်ပြီး တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းဟာ ဝိုင်းမော်မြို့အတွင်း နောက်ဆုံးကျန်နေတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပါတယ်။  ဝိုင်းမော်မြို့နယ်ဟာ ရွာပေါင်း ၂၀၀ ကျော်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဝူယန်၊လမြန်ရွာအပါအဝင် နမ့်ဝါ၊မုတ်ကျိတ်၊ဝါရှောင်ရွာတွေဟာ တရုတ်နယ်စပ်ဖြစ်တဲ့ ဆဒုံး– ကန်ပိုက်တည်၊ ချီဖွေ– ပန်ဝါသွားတဲ့လမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း ဝိုင်းမော်မြို့– လိုင်ဇာ– ဗန်းမော်မြို့သွားတဲ့ လမ်းမတစ်လျှောက်မှာရှိတဲ့ ရွှေညောင်ပင်၊အောင်မြေ ၁ ၊အောင်မြေ ၂ တပ်စခန်းတွေအပါအဝင် စခန်းပေါင်းအများအပြား သိမ်းပိုက်ရရှိထားပြီဲဖြစ်သလို တိုက်ပွဲကြောင့် ရွာပေါင်း ၁၀ ရွာကျော်လည်း ခုထိစစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။ By – Zami

    Read More »
  • 10 September

    လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ

    ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။”လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့်  အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။  သို့သော် စက်တင်ဘာလ ၉ ရက်  ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ  ဖြစ်ပါတယ်။  လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ ၁ လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ “ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။”လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။ “လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS ၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့ ၆ ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။  လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။”လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။   လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။  ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Aug- 2024 -
    26 August

    သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ် သတိပေး

    ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ ကြိုတင်တိမ်းရှောင်ကြဖို့လုပ်ဆောင်သင့်တယ်လို့ ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ ဗန်းမော်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း မြို့နဲ့ ၅ မိုင်ပတ်ဝန်းကျင်အကွာက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်ရှိ‌နေတာကြောင့်…

    Read More »
  • 26 August

    ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်ထက်မနည်းဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့်  ရေမဆေးကျောက်ရှာတဲ့အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့  ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။ ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း ၊ မြို့ပြင် မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက်တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် ဖားကန့်ပြည်သူတွေဟာ တစ်နာရီကို ကျပ် တစ်သောင်း၊နှစ်သောင်း၊သုံးသောင်းပေးပြီး အင်တာနက်သုံးနေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 20 August

    ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

    ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့  ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်”လို့ပြောပါတယ်။ ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြို့အတွင်းက ပြည်သူတွေဟာ ခုနောက်ပိုင်း ဗန်းမော်ကနေ စင်းခန်းအထိ စက်လှေသွားပြီး စင်းခန်းကနေတစ်ဆင့် ကသာ၊ အင်းတော်လမ်း– မဲဇာတောင်ကိုဖြတ် ဝန်းသို၊ကောလင်း၊ ကန့်ဘလူ၊ ခင်ဦ၊ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်ကိုဖြတ်ပြီး မန္တလေးသွားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့ကစလို့ ကသာခရိုင်ထဲမှာ အင်းတော်မြို့နယ် မဲဇာတောင်ခြေနဲ့ အင်းတော်မြို့တွင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ကားလမ်းပိုင်းပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “ခုအဲဘက်မှာ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး။လောလောဆယ် ရေကြောင်းလမ်းတစ်ခုဘဲရတယ်ဗျ။ ကုန်စျေးနှုန်းတွေက ပြောမနေနဲ့တော့ မတက်တာဘာမရှိဘူး လောလောဆယ်က လိုင်ဇာဘက်ကနေ နည်းနည်းပါးပါးဝင်တာလောက်ဘဲရှိနေတယ်”လို့ ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲကို မန္တလေးဘက်က ကုန်ကားအဝင်တွေမရှိတော့ဘဲ လိုင်ဇာဘက်ကနေ စင့်ကင်ဘက်ကနေ ဝင်ရောက်တဲ့ကုန်အနည်းအကျဉ်းသာရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ လတ်တလော ဗန်းမော်မှာ ကြက်ဥတစ်လုံး ၇၀၀ ဝန်းကျင်ထိရှိလာပြီး ဆန်၊ဆီ၊ဆားတွေကလည်း စျေးနှုန်း ၂ ဆခန့်မြင့်တက်လာတဲ့အပြင် တစ်ချို့အခြေခံစားသောက်ကုန်တွေပြတ်လပ်တဲ့အထိရှိလာနေတယ်လို့  သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းနဲ့အချက်ချာ ကျလှတဲ့မြို့ဖြစ်ပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်အကွာ ၊ KIO အခြေစိုက်ရာ လိုင်ဇာမြို့ကလည်း  ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်မှာရှိပြီး ဗန်းမော်ခရိုင်ကို မြို့နယ် ၄ မြို့နယ်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီထဲက ဗန်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ လက်နက်ကြီးတွေ မြို့တွင်း၊မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်တဲ့လမ်းတွေလည်း ပိတ်ထားတဲ့အတွက် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Jul- 2024 -
    31 July

    မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ

    ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး  KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။  ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့  KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။   ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • 17 July

    မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ကပဲ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံနေတာဖြစ်ပြီး မနေ့ကတော့ မြို့တွင်းကနေ ပြန်ဆုတ်သွားတာလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “မြို့ထဲတော့ စကစဘက်ကဆုတ်သွားပြီ မနေ့ကလို့ပြောတယ်။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်း လောက် ဖြစ်နိုင်ပါတယ်။ မနေ့ကတော့ တိုက်ပွဲသံတွေကြားတယ် ဒီနေ့တော့တိတ်ဆိတ်သွားတယ်ပေါ့။“ လို့ပြောပါတယ်။ တအာင်းတပ်မတော် TNLA ဘက်ကတော့ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ရက်စွဲနဲ့ မိုးမိတ်မြို့နယ် စစ်ကောင်စီ တပ် စကခ ၂၁ နဲ့ ခလရ ၂၇၆တပ်ဖွဲ့ဝင်တွေဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တောင်ကိုင်းရွာအနီးတစ်ဝှိုက် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီ တောင်ကိုင်းရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့TNLA ပူးပေါင်းအဖွဲ့ တွေတိုက်ပွဲဖြစ်တာမှန်ကန်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပါအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။ တစ်ဖက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ မိုးမိတ်မြို့နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေသလို တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “သေတာကတော့ ၅ ယောက်လောက်ရှိသွားပြီပေါ့ ဒဏ်ရာရတာတွေလည်းရှိတယ်။ အခုက ဖုန်းအဆက် အသွယ်တွေက  သူတို့ဘက်ကဆက်မှရတာပေါ့ သူတို့မဆက်လာရင်တော့လည်း အတည်ပြုလို့မရဘူးပေါ့”လို့ပြောပါတယ်။ လက်ရှိတော့ မိုးမိတ်မြို့နယ်အတွင်းက ဗျူဟာကုန်းကျန်ရှိနေသေးပြီး စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ အပတ်ကတည်းကနေ လေကြောင်းအသုံးပြုပြီး ရိက္ခာနဲ့လက်နက်တွေဖြည့်တင်းထားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီပထမအကြိမ် တိုက်ပွဲကတည်းက မိုးမိတ်မြို့ဟာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီး ဒီတစ်ကြိမ် တအာင်းတပ်မတော် TNLA၊ PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေး မှာလည်း မြို့တွင်းရပ်ကွက်တွေက ပျက်စီးဆုံးရှုံးမှုတွေများပြားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စလို့ မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန် ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 12 July

    ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

    ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အောင်မြေ(၂)၊ ခါးရှီ  ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်နေ  မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ(၁)၊ အောင်မြေ(၂)၊ လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန် ၊ စန်ကား ၊ နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button