မူးယစ်ဆေးဝါး
-
Oct- 2024 -30 October
ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။ “သူကတော့ ညကတည်းကမူးယစ်ဆေးရှော့ဖြစ်ပုံရပါတယ် သူတို့က ညဖြစ်ကြတာဗျ ကျွန်တော်တို့ဘယ်သူမှ မသိလိုက်ကြဘူး သိရင်တော့ နှစ်နာရီအတွင်းဆိုကယ်လို့ရတယ် မနက်သွားယူတော့တောင့်နေပြီ”လို့ ဆိုပါတယ်။ သေဆုံးသူနှစ်ဦးစလုံး စစ်ရှောင်တွေဖြစ်ပြီး ရက်ကွက်(၅) သရက်တော စစ်ရှောင်စခန်းနဲ့ ရပ်ကွက်(၃)စစ်ရှောင်စခန်းကဖြစ်တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ဝိုင်းမော်မြို့ အထက(၁)စာသင်ကျောင်းဘေး အနီးပတ်ဝန်းကျင်နဲ့ ရပ်ကွက်(၃) ဟိုးတုံ ဆည်မြောင်းပတ်ဝန်းကျင်မှာ ရှိနေတတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရဲစခန်းဘက်တာဝန်ရှိသူတွေအနေနဲ့ အရေးယူထိန်းသိမ်းပေးခြင်းမရှိတဲ့အပြင် ပိုက်ဆံပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခိုင်းတာမျိုးတွေကိုပါ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် ဝိုင်းမော်မြို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအခြေအနေတွေကို စိုးရိမ်နေရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ရွာကလူတွေလည်း ဆေးရောင်းတဲ့လူတွေကို ခနခနမောင်းထုတ်ရင်လည်း သူတို့က မပြန်ဘူး ပြန်စုကြတော့ အဲနားက ကလေးတွေဖြတ်သွားဖြတ်လာလုပ်နေတာဆိုတော့ ကလေးတွေတော်တော်ပျက်စီးပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်လာတယ် သူတို့ကအဲနားမှာကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေကြတော့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက် ရဲဌာနတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို အခွန်သဘောမျိုးနဲ့ ငွေကောက်ခံတာမျိုးသာ ပြုလုပ်ပြီး ဝင်ရောက်ဖမ်းဆီးခြင်းလည်း မရှိဘူးလို့ သိရပါတယ်။ အာဏာမသိမ်းခင် ကချင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖြတ်မှုတွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်မှုရှိခဲ့ပါတယ်။ သို့သော် အာဏာသိမ်းပြီးနောက်အဖက်ဖက်ကနေ ခက်ခဲလာတာကြောင့် လုပ်ကိုင်ဖို့အဆင်မပြေလာဘူးလို့အရပ်ဘက်အဖွဲ့စည်းတွေပြောပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope
Read More » -
29 October
နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ “ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။အဲဒီမူးယစ်ဆေးဝါးသုံးတဲ့သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုးလုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။ “ဒီတလောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာ ဟုတ်တယ်။ ဒီမှာလည်း KIO က အုပ်ချုပ်ရေးယန္တရားတွေ စတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အားလုံးကို အတည်တကျ ကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာမျိုးလား၊အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကာလမှာတော့ အချင်းချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA-စတဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း အတူတကွ နေထိုင်ပြီးရုံးစိုက်တာတွေရှိပါတယ်။ အဲဒီထဲမှာမှ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ကျေးရွာအတွင်း အရပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူလိုက်လံဖမ်းဆီးတာတွေ၊ အရပ်သားနေအိမ်တွေနဲ့ စျေးဆိုင်တွေမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းကို သိမ်းဆည်းတာ စတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် TNLA ဘက်က ငွေကြေးကိုအဓိကထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို လိုက်လံဖမ်းဆီးကာ တစ်ယောက်ကို သိန်း ၅၀ ကနေ ၁၀၀ အထိ ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ KIO အုပ်ချုပ်ရေးယန္တရားအောက် ဌာနအသီးသီးမှာ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကျေးရွာလူထုတွေကိုယ်တိုင် ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဘက်က ဝင်ရောက်နေထိုင် သွားလာလှုပ်ရှားတာတွေကို တားမြစ်တာတွေရှိနေပြီး နယ်မြေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ By- ဂျာဘောက်ရာ
Read More » -
Jun- 2024 -19 June
ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဝိုင်းမော်မြို့ရဲ့အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ကျောင်းဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၂) မှာရှိပြီး ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက် ၅ ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။ အခုလို ကျောင်းရဲ့လမ်းဘေးဝဲယာမှာ မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာတွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအနာဂတ်စိုးရိမ်မိတယ်လို့ မိဘတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ အရမ်းစိတ်မကောင်းဘူးပေးဘူးဗျ ကလေးတွေရဲ့ ကျောင်းပတ်လည်မှာရှိနေကြတာဆိုတော့ ကလေးတွေကအမြင်မဆန်းဖြစ်နေတာပေါ့ အတုမြင် အမြင်တတ်ဖြစ်မှာကို စိုးရိမ်တယ်”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့မှာ အထက ( ၁) အနီး မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာဟာ နှစ်နဲ့ချီကြာနေပြီဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက် တဖြည်းဖြည်းပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးလာတာကြောင့် ရပ်ကွက်ထဲက ပြည်သူတွေစုပေါင်းပြီးမောင်းထုတ်တာ၊ ရဲတွေကို တိုင်ကြားတာတွေလုပ်ပေမယ့်လည်း ဖမ်းဆီးအရေးယူတာမရှိတဲ့အတွက် ထူးခြားမှုရှိမလာဘူးလို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရဲတွေကလည်း လာတော့လာတယ် ဒါပေမယ့် ပိုက်ဆံဘဲယူပြီး ပြန်ပြန်သွားတယ်။ ကျွန်တော်လည်း ဆေးရောင်းတဲ့သူကိုမေးကြည့်တော့ သူတို့ပြောတာက ရဲတွေကတစ်ခါတစ်လေ မင်းတို့မချရသေးဘူးမလားဆိုပြီး ပိုက်ဆံလာပေးတာမျိုးတောင်လုပ်တယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ ရဲတွေဟာမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးတာမလုပ်ဘဲ အခွန်ကောက်ခံတဲ့ပုံစံမျိုးသာလုပ်လေ့ရှိတဲ့အတွက် ကျောင်းဘေးနားတစ်လျှောက် လွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးစွဲသူတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ ပြည်သူတွေက ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့နှစ်ကတည်းကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တော်တော်များများလည်း မူးယစ်ဆေးဝါးတွေသုံးစွဲတတ်လာပြီး ပျက်စီးလာကြတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဝိုင်းမော်ဒေသခံတွေတိမ်းရှောင်ချင်ပေမယ့်လည်း မူးယစ်ဆေးဝါးရဲ့နောက်ဆက်တွဲပြသာနာဖြစ်တဲ့ ခိုးဆိုးလုနှိုက်တွေပေါများတဲ့အတွက် အိမ်စောင့်လျက်နေနေကြတာဘဲ ဖြစ်ပါတယ်။ အာဏာမသိမ်းခင် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းကောင်းနဲ့ တိုက်ဖြတ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ကန့်သတ်ချက်တွေကြောင့် ရပ်နားထားရတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နေရာအနှံ့မှာ လောင်းကစားရုံတွေအပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုယှက်တာတွေလည်း များလာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope
Read More » -
11 June
လယ်ကုန်းရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများလာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်နေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ (၂) ဘုရားကျောင်းလမ်းပတ်ဝန်းကျင်တစ်လျှောက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုများလာနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလလောက်ကနေ ဘုရားကျောင်းသွားတဲ့လမ်းတစ်လျှောက်မှာ မူးယစ်ဆေးဝါးလာရောက်ရောင်းဝယ်သုံးစွဲသူတွေ အုပ်စုလိုက်ဖွဲ့ပြီး ဆေးထိုးအပ်တန်းလန်းနဲ့ လမ်းဘေးမှာပေါ်တင်လုပ်နေကြတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက KNGကို ပြောပါတယ်။ ”ကျွန်မတို့က သူတို့ကို မြင်တာနဲ့ ကြောက်တယ်လေ သူတို့က နှစ်ယောက်သုံးယောက်အုပ်စုဖွဲ့ပြီး ရှိနေတာဆိုတော့ ပြီးတော့ သူတို့ကလက်မှာဘဲ ထိုးတာမဟုတ်ဘူးလေ မြင်လို့ မသင့်တော်တဲ့နေရာတွေမှာလည်း ထိုးတော့ ရှက်ကြောက်တာပေါ့”လို့ ဆိုပါတယ်။ လက်ရှိ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေအများဆုံးလာရောက်လုပ်နေတဲ့နေရာဟာ လယ်ကုန်းရပ်ကွက် နယ်မြေ ၂ ဗက်လင်နှစ်ခြင်း ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ICM ဘုရားကျောင်းနဲ့ ကက်သလစ်ဘုရားကျောင်းရှိတဲ့လမ်းမှာဖြစ်ပြီး အရင်ကထက်နှစ်ဆပိုများလာနေတယ်လို့ သူကဆက်ပြောပါတယ်။ ခုလို မူးယစ်ဆေးဝါးတွေကို လူသွားလမ်းနဲ့ ဘုရားကျောင်းလမ်းကြားတွေမှာ အုပ်စုလိုက်ပေါ်ပေါ် တင်တင် ရောင်းဝယ်သုံးစွဲနေတာကြောင့် ရပ်ကွက်နေပြည်သူတွေအနေနဲ့ သွားရေးလာရေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ လယ်ကုန်းရပ်ကွက် နယ်မြေ ၂က အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၂၇နှစ်အောက် အရွယ်လူငယ်တွေ အများဆုံးပါဝင်တယ်လို့သိရပြီး များသောအားဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ အများဆုံးလာသုံးနေကြတယ်လို့ သိရပါတယ်။ လက်ရှိ ဘုရားကျောင်းလမ်းတစ်လျှောက်လမ်းကြိုလမ်းကြား နေရာ ၃ နေရာလောက်မှာ နေ့တိုင်းလို အုပ်စုလိုက်ရှိနေတဲ့အပြင် တစ်ခါတစ်ရံ ရပ်ကွက်နေတာဝန်ရှိသူတွေမောင်းထုတ်ချိန် လမ်းသွယ် ၂ ဘုရားကျောင်းလမ်းထဲက အရက်ဆိုင်မှာခေတ္တအရက်ဝယ်တဲ့ပုံစံမျိုးနဲ့ ပုန်းရှောင်လေ့ရှိတယ်လို့ လယ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ကွက်ထဲက မူးယစ်ဆေးဝါးနှိမ်နှင်းတဲ့အဖွဲ့တွေ လှုပ်ရှားမှုတွေ လုပ်တော့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ သူတွေက အဲ အရက်ဆိုင်ထဲကိုဘဲ ကာဗာယူပြီး ပြန်ပြေးဝင်သွားကြတယ် ဆိုင်ကိုသွားပြောတော့လည်း သူတို့လာခဲ့ပါလို့ ခေါ်တာ မဟုတ်ဘူးပေါ့ သူတို့ဆိုင်ကလည်း တရားဝင်ဖွင့်ထားတဲ့ အရက်ဆိုင်ပြန်ဖြစ်နေတော့ ခက်နေတယ်”လို့ဆိုပါတယ်။ အခုလို ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့အခြေအနေတွေ အလွန်ဆိုးရွားလာနေပြီး လမ်းတစ်လျှောက်ရောင်းဝယ်သုံးစွဲသူတွေ ပြည့်နက်နေတဲ့အတွက် ရပ်ကွက်နေပြည်သူတွေဟာတစ်ဦးတည်း လမ်းသွားလမ်းလာဖို့တောင် ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။ ဒါအပြင် အခုလိုအခြေအနေတွေကြောင့် လယ်ကုန်းနယ်မြေ ၂က လူငယ်တော်တော်များများလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေများလာနေတယ်လို့ သိရပါတယ်။လယ်ကုန်းရပ်ကွက်ဟာ မြစ်ကြီးနားမြို့စျေးကြီးကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ်ခန့်သွားတဲ့နေရာမှာရှိပြီး စစ်ကောင်စီတပ်ရဲ့ ရဲတပ်ရင်း ၃၀ ရှိတဲ့ရပ်ကွက်လည်းဖြစ်ပါတယ်။ အလားတူ လယ်ကုန်းရပ်ကွက်အပြင် မြစ်ကြီးနားမှာအဆိုးဆုံးမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတဲ့ ရပ်ကွက်တွေဟာ ရမ်ပူ၊ခေမာသိရိ၊တပ်ကုန်း၊ထွယ်ဆန်၊ကြာရာပါတီး ၊ အေးမြသာယာ၊ကြက်ပေါင်ခြံ ရပ်ကွက်တွေဘဲဖြစ်ပါတယ်။ အရင်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့သူတွေကို ရပ်ကွက်ထဲမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်လံဖမ်းဆီးအရေးယူတာတွေကိုလုပ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် တွင်တွင်ကျယ်ကျယ်လုပ်ဖို့ အဆင်မပြေတော့တဲ့အတွက် ရပ်နားထားရတာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာလည်း လောင်းကစားရုံတွေအပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဘဲ ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှု အများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By…
Read More »