မူးယစ်ဆေးဝါးသတင်း

နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ 

ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။အဲဒီမူးယစ်ဆေးဝါးသုံးတဲ့သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုးလုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။ 

ဒီတလောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာ ဟုတ်တယ်။ ဒီမှာလည်း KIO က အုပ်ချုပ်ရေးယန္တရားတွေ စတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အားလုံးကို အတည်တကျ ကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာမျိုးလား၊အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကာလမှာတော့ အချင်းချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ 

ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ တအာင်းတပ် TNLA  ကိုးကန့်တပ် MNDAA-စတဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း အတူတကွ နေထိုင်ပြီးရုံးစိုက်တာတွေရှိပါတယ်။ 

အဲဒီထဲမှာမှ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ကျေးရွာအတွင်း အရပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူလိုက်လံဖမ်းဆီးတာတွေ၊  အရပ်သားနေအိမ်တွေနဲ့ စျေးဆိုင်တွေမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းကို သိမ်းဆည်းတာ စတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် TNLA ဘက်က ငွေကြေးကိုအဓိကထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို လိုက်လံဖမ်းဆီးကာ တစ်ယောက်ကို သိန်း ၅၀ ကနေ ၁၀၀ အထိ ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာမြို့မှာ KIO အုပ်ချုပ်ရေးယန္တရားအောက် ဌာနအသီးသီးမှာ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကျေးရွာလူထုတွေကိုယ်တိုင် ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဘက်က ဝင်ရောက်နေထိုင် သွားလာလှုပ်ရှားတာတွေကို တားမြစ်တာတွေရှိနေပြီး နယ်မြေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

By- ဂျာဘောက်ရာ

Show More

Related Articles

Back to top button