တိုက်ပွဲ
-
Jul- 2024 -17 July
ဝိုင်းမော်မှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်စခန်းတွေကို ကာကွယ်ဖို့ ကတုတ်ကျင်းတူးပြီး လုံခြုံရေးတင်းကြပ်နေ
ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဝူယန်ပြည်သူ့စစ်တပ်စခန်းပတ်လည် ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတစ်ချို့မှာ လုံခြုံရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝူယန်နဲ့ ခကွမ်(Hkakrum) ကျေးရွာသွားတဲ့လမ်းတစ်လျှောက် စစ်အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး လမ်းနေရာတစ်ချို့ကိုပိတ်ဆို့တာ၊ လမ်းကြားတစ်ချို့မှာ ကတုတ်ကျင်းတူးတာအပြင် လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင်လ ၁၇ ရက်နေ့ ဒီကနေ့မှာတော့ ဝူယာန်ပြည်သူ့စစ်တပ်စခန်းဝင်းနေရာ ပတ်ပတ်လည်ကို လူတစ်ရပ်စာလောက်နက်တဲ့ ကတုတ်ကျင်းထပ်ပြီး တူးလိုက်ပြိီဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြည်သူတစ်ချို့က လမ်းတူးဖော်လိုက်တယ်လို့တော့ ပြောနေကြတယ်။ ဒါပေမယ့် ဝူယန်ပြည်သူ့စစ်စခန်း ပတ်ပတ်လည်ကို လူတစ်ရပ်စာနက်ပြီး တူးဖော်နေတယ်။ အဲလိုတူးနေတူးနေလို့ အနီးဘေးပတ်ဝန်းကျင်က နေအိမ်တွေအထိ ပါသွားတာတွေရှိတယ်လို့ ပြောနေကြတယ်။ အခုက ဝါးထံရံကာထားတဲ့ နေရာကို လိုက်ပြီး တူးလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ ဝူယန်ပြည်သူ့စစ်ဝင်းနေရာပတ်လည်ကို ကတုတ်ကျင်းတူးရာမှာ ဘေးပတ်ဝန်းကျင်နေအိမ်အထိ ပါသွားတာတွေရှိနေတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဝူယန်ပြည်သူ့စစ်စခန်းနေရာကို အရင်ကကတုတ်ကျင်းတူးတာတွေမရှိပေမယ့် လက်ရှိဝိုင်းမော်စစ်ရေးအခြေအနေအရ လုံခြုံရေးအတွက် စိုးရိမ်လာတဲ့အတွက် စစ်ရေးပြင်ဆင်မှု သိသိသာသာလုပ်ဆောင်လာတာဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။ “အဓိကတော့ ဝိုင်းမော်စစ်ရေးအခြေအနေက ခလရ ၅၈ တပ်ရင်းနဲ့ အလွန်နီးကပ်သွားပြီးဖြစ်တဲ့အတွက် လုံခြုံရေးတင်းကြပ်ထားတာလို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ၅၈ ပါသွားပြီဆိုရင် မြောက်ပိုင်းတိုင်းနဲ့ နီးသွားပြီ။ ရှေ့တန်းမှာ အဲဒီတပ်ရင်းတစ်ခုသာ ကျန်တော့တာဖြစ်တဲ့အတွက် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ခံတပ်စခန်းအနေနဲ့ ပိုပြီး လုံခြုံရေးအတွက် လုပ်ဆောင်နေတယ်လို့မြင်ပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် ခလရ ၅၈ တပ်ရင်းရှိတဲ့ ခကရွမ်နဲ့ဝူယန်ကျေးရွာမှာကြားမှာလည်း လမ်းတွေပိတ်ပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် ဝိုင်းမော်ဒေသခံ ပြည်သူတွေအတွက် အပြင်ထွက်သွားလာလို့မရတော့တဲ့အခြေနေထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ ဝိုင်းမော်မြို့နဲ့ အနီးဆုံး ဝူယန်ကျေးရွာ အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ နယ်မြေစိုးမိုးထားပြီး ဝူယန်အထက်ဘက်ခြမ်း လမြန်၊ မုတ်ကျိတ် နမ်ဝါ စတဲ့ ကျေးရွာတွေရှိတဲ့ ဘက်ခြမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နေရာယူထားတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ ဝိုင်းမော်ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ စစ်ရေးအခြေအနေမှာ ဝူယန်ကျေးရွာရဲ့အထက်အောက် နှစ်ဖက်စစ်တပ် စောင့်ကြည့်နေကြတဲ့ အနေအထားမှာဖြစ်တဲ့အတွက် ပြည်သူတွေ သွားလာဖို့ ခက်ခဲနေတဲ့ အခြေနေကြုံတွေ့နေရတယ်လို့ နောက်ထပ် ဝိုင်းမော် ဝူယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုလာပါတယ်။ “သွားရင်းလာရင်း မဖြတ်ခိုင်းတဲ့အချိန်တွေရှိတယ်။ တစ်ခါတစ်လေတော့ သွားခွင့်ပေးတယ်။ ဝိုင်းမော်ဒေသခံတွေက စစ်ရေးကြောင့် ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတာများတယ်။ တစ်ခါတစ်လေလိုအပ်လို့ ရွာထဲကို ခဏပြန်မယ်ဆိုရင်မပြန်ခိုင်းဘူး။ ဂိတ်တွေမှာပြန်ခေါက်ခိုင်းတယ်။ ဝူယန်ဘက်မှာ ပိုဆိုးတယ် သူတို့ကြည့်ပြီး သူစိမ်းပုံစံဖြစ်နေရင် ပိုစစ်တယ်။ ဖုန်းဆိုင်ကယ်၊ အားသွင်းကြိုး၊ အကုန်စစ်တယ်။ တစ်ချို့တွေဆိုရင် ရိုက်နက်ခံရတဲ့ သူတွေတောင်ရှိတယ်။ အရင်ဂိတ်မရှိတဲ့ နေရာတွေမှာ ဂိတ်တွေထားပြီး စစ်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်စခန်းနဲ့ ခလရ ၅၈ တပ်ရင်း နှစ်ခုကို လက်မလွတ်ရေးအတွက် စစ်အင်အားအလုံးအရင်းနဲ့ လုံခြုံရေးတင်းကြပ်ထားတာကြောင့် တစ်ဖက်မှာ ပြည်သူတွေ သွားလာဖို့အခက်အခဲဖြစ်နေတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ လောက်ကနေ KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီးနောက် ကားလမ်းမတစ်ကြောမှာရှိကြတဲ့ ကျေးရွာအားလုံးနီးပါးခန့် စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ ဇူလိုင်လဆန်းပိုင်းအတွင်းမှာ ဝိုင်းမော်နဲ့ မြစ်ကြီးနား မြို့ပေါ်တွေမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ဝိုင်းမော်ဒေသခံပြည်သူတွေဟာ စစ်ဘေးအပြင် တိမ်းရှောင်နေကြတဲ့ နေရာတွေမှာ ထပ်မံပြီးတော့ ရေဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရတာကြောင့် လက်ရှိမှာ အကူအညီတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
16 July
ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်
မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို…
Read More » -
8 July
လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး
“မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
Read More » -
Jun- 2024 -27 June
ဆိုင်းတောင်နှီးဘုရားကုန်းမှာ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာ နှီးဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ ဆိပ်မှု( ဆိုင်းတောင်) နှီးဘုရားကုန်းမှာ စစ်အင်အား ၃၀ ခန့်လောက် ယာယီလာရောက်တပ်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်တွေကြား ဒီကနေ့…
Read More » -
26 June
ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှုရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က စတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲက ကျောက်မဲမြို့ စစ်ကောင်စီရဲ့အမြောက်တပ် အမှတ် ၃၅၂ နဲ့ စခန်းသာကုန်းတို့မှာ ပြင်းထန်နေတာလို့ တအာင်းတပ်မတော် TNLA ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ မနေ့ကစတင်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်နက်ကြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဆက်ဖြစ်နေတယ်။ အခုဗုံးသံတွေလည်းကြားရတယ် ဒီမနက်မှာပဲလူ ၄ ယောက်ထိသွားတယ်။ မြို့အဝင် အထွက်တော့မသိဘူး ရဲစခန်းတွေတော့သူတို့သိမ်းပြီပြောတယ်။ ဒီမနက်တော့ ဈေးတွေဘာတွေသွားလို့ ရအောင်ခနနားပေးတယ်။ ၁၀ နာရီလောက်တိုက်ပွဲစမယ်ဆိုပြီး ၉ခွဲလောက်က တည်းကပစ်နေတယ်။ အခုတော့ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေကတော့ ဘေးလွှတ်ရာကျေးရွာတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေဆီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပြီး တစ်ချို့ဒေသခံတွေကတော့ မြို့တွင်း နေအိမ်မှာပဲနေထိုင်နေကြရသလို လုံခြုံမှုတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ဘယ်သူမှလည်းပြေးလို့မရဘူး ဂုတ်တွင်းကလည်း ပိတ်လိုက်ပြီလေ ဒါ့ကြောင့် ကိုယ့်အိမ်မှာပဲကိုယ်နေ ကြတယ်။ တစ်ချို့လည်း နောင်ပိန် ဘက်ပြေးကြတယ်။ တိုက်ပွဲနဲ့နီးတဲ့နေရာတွေကတော့ အကုန်လုံးရွှေ့ပြီး တော့ နီးစပ်ရာဆွေမျိုးတွေအိမ်တွေဆီရွှေ့ကြတယ်။အားလုံးကအိမ်ထဲမှာပဲနေကြတယ်။”လို့ပြောပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့ကတော့ ရပ်ကွက် ၈ ထုံးဖို အခွန်လွတ်ဈေးအနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ လို့ အမျိုးသားတစ်ဦးသေဆုံးခဲ့သလို ရပ်ကွက် ၉ တိလင်ရပ်ကွက်မှာလည်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ KNG က လက်လှမ်းမှီသလောက်ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇွန်လ ၂၆ ရက်နေ့ကနေ ဒီနေ့ အထိ ကျောက်မဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့မြောက်ပိုင်းညီနောင် ၃ ဖွဲ့အကြား တရုတ်ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ခဲ့တာ ၅ လကြာအပစ်ရပ်ထားချိန် မိုးကုတ်၊ နောင်ချို နဲ့ မိုးမိတ် ဒေသတွေကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း တအာင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က စစ်ကောင်စီရဲ့အခုလိုလုပ်ရပ်တွေကြောင့် စစ်ရေးအရစိုးရိမ်ရတဲ့အခြေနေဖြစ်သလို ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီတပ်က လိုက်နာနိုင်ဖို့သံသယရှိတယ်လို့ ဆိုခဲ့ပါတယ်။ By – အမိုး
Read More » -
26 June
နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ
ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group KNG သတင်းဌာနကို ပြောပါတယ်။ “စစ်ကောင်စီတပ်စခန်းကြီးတွေရှိ နေသေးတာကြောင့် သိမ်းပြီလို့ပြောပေမဲ့ အားလုံးမဟုတ်သေးဘူး။ မြို့တွင်းက ဌာနဆိုင်ရာတွေမှာ နေရာယူထားတာလောက် ပဲရှိသေးတယ်။ TNLA နဲ့ PDF တွေ မြို့တွင်းဝင်လာတာနဲ့ ဌာနဆိုင်ရာအသီးသီးကသူတွေ တချို့ထွက်ပြေးသူကထွက်ပြေးနဲ့ အားလုံးရှောင်သွားတာကြောင့်အခုမြို့ထဲကိုတော့ ဝင်ရောက်နေရာယူထားနိုင်ပြီ” လို့ နောင်ချိုတစ်ဝိုက်ဒေသကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ နောင်ချို့မြို့ထဲရှိ မြို့နယ်ရုံး ၊ရဲစခန်း၊ စည်ပင်၊ မိုးဇလရုံး ၊ စစ်မှုထမ်းဟောင်းရုံး၊ မီးသတ်ရုံးနဲ့ ပြည်သူ့ဆေးရုံစတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအားလုံးကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နေရာယူထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ နောင်ချိုမြို့ထဲက စစ်ကောင်စီတပ်စခန်း ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ ခမရ ၁၁၇ စတဲ့ စစ်ကောင်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၅ မနေ့က မနက်အစောပိုင်းကစပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ နဲ့ မိုးကုတ်စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF တပ်ပေါင်းစုတွေ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။ မိုးကုတ်ဘက်မှာတော့ မြို့ပြင်နေရာတချို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကျောက်မဲနဲ့ သီပေါမြို့နားတဝိုက်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဇွန်လ ၂၆ ရက် ဒီမနက်အထိတော့ မြို့ကြီးနဲ့ စစ်ကောင်စီစခန်းသိမ်းတာတွေ သတင်းမရရှိသေးဘူးလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ “တိုက်ပွဲကတော့ ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတယ်။ အဲလိုမျိုးစခန်းသိမ်းတာတော့ ကျမတို့ဆီမှာ သတင်းမရသေးဘူး။တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကြားသိရတယ်။” လို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့သိရပြီး အတိအကျတော့ မသိရှိရပါဘူး။ နောင်ချိုမှာလက်ရှိ စစ်ကောင်စီဘက်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် မြို့တွင်းအိမ်အစောင့်အဖြစ် ကျန်နေတဲ့ ဒေသခံတွေနဲ့ချိတ်ဆက်နိုင်ဖို့လည်း ခက်ခဲနေဆဲဖြစ်သလို နောက်ဆုံးရရှိထားတဲ့သတင်းအရ ဒေသခံအားလုံးနီးပါးတော့ လားရှိုး – ကျောက်ဂူလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ပြင်ဦးလွင် – နောင်ချို– လားရှိုးလမ်းပိုင်းလက်ရှိချိန် ဖြတ်သန်းသွားလာလို့မရပဲ လားရှိုး – တောင်ကြီးဘက်လမ်းကနေ မန္တလေးအသွားအလာလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မဟာမိတ် ၃ ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ်ချူပ်ဆိုထားပေမဲ့ စစ်ကောင်စီဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရှိတဲ့ တပ်စခန်းတွေနဲ့ မြို့နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် ပြန်လည်ခုခံခြင်းအားဖြင့် အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ TNLA ဘက်က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
25 June
မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား
ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကနေ…
Read More » -
25 June
ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KPDF တပ်တို့ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဖားကန့် တပ်မကုန်းကနေဆင်းလာတဲ့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ကြောင်းဟာ ဒီနေ့မနက် အစောပိုင်း ဆိုင်းတောင်ကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်းတောင်ကျေးရွာအဝင် ရပ်ကွက်…
Read More » -
24 June
အင်းတော်ကြီး နဲ့ ဖားကန့် အစပ်မှာရှိတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်
မိုးညှင်းမြို့နယ် အင်းတော်ကြီး နဲ့ ဖားကန့် ဝှေခါလမ်းပေါ်က စစ်တပ်ရဲ့ အရေးပါတဲ့ ပြည်သူ့စစ်တပ်စခန်းအပါ ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်တော်ကြီးနဲ့ ဖားကန့်မြို့နယ်စပ်ကြားမှာ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ စုပေါင်းနေထိုင်ထားတဲ့ ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စတဲ့ စစ်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “တပ်စခန်း ၃ ကိုတော့သိမ်းပိုက်ပြီ။ တိုက်ပွဲစဖြစ်တာက စနေ့ဆိုတော့ ၂ ရက်လောက်ကြာသွားတာပေါ့။ အခုကတော့ သိမ်းထားတဲ့နေရာတွေမှာ ရှင်းလင်းရေးတွေလုပ်နေတယ်။ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ပြန်ဖြစ်လာမလား။ အဲဒီတစ်ဝိုက်မှာက တပ်စခန်းတွေက ကျန်ရှိနေသေးတယ်လေ”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၃ နေရာကို ဇွန်လ ၂၂ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး ဝှေလုံနဲ့ ညောင်ပင်တပ်စခန်း နှစ်ခုကို ဇွန်လ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ချောင်းဝစစ်တပ်စခန်းကိုတော့ ဇွန်လ၂၄ ရက်နေ့ ဒီနေ့မနက်ပိုင်း ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ အဲဒီတပ်စခန်းတွေဟာ အင်းတော်ကြီးဒေသ အနီးတဝိုက်နဲ့ ဖားကန့်ဘက်ကိုသွားတဲ့ လမ်းကြော လုံခြုံရေးရယူထားတဲ့ ရှေ့တန်းတပ်စခန်းတွေဖြစ်ပြီး ညောင်ပင်တပ်စခန်းမှာက စစ်အင်အား ၅၀ ဝန်းကျင်လောက်ရှိပြီးတော့ ချောင်းဝနဲ့ ဝှေလုံ တပ်စခန်း ၂ ခုမှာက အင်အား ၃၀ ဝန်းကျင်စီရှိကြတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့အနီးတဝိုက်က ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ အင်းတော်ကြီးဒေသ ဖားကန့်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ပွဲထပ်မံဖော်ဆောင်လိုက်တာဟာ ဖားကန့်ဒေသ ဝှေခါလမ်းအဝင်အထွက်ကို KIA တပ်တွေ ထိန်းချုပ်လိုက်ဖို့အတွက်ဖြစ်တယ်လို့ ဖားကန့်ဒေသတစ်ဦးလည်း သုံးသပ်ပြောဆိုထားပါတယ်။ “အခုဖြစ်တဲ့နေရာတွေက ဖားကန့်ကို ဆက်သွယ်ထားတဲ့ ဝှေခါလမ်းပေါ်မှာဖြစ်တယ်။ မိုးညှင်း၊ ဟိုပင်တွေကနေ ဖားကန့်ကို သွားတဲ့ အဝင်အထွက်လမ်းပေါ့။ ပြီးခဲ့တဲ့လတွေမှာလည်း ဖားကန့် ဝှေခါ – တာမခံလမ်းတွေလည်း KIA က ထိန်းချုပ်လိုက်ပြီးဆိုတော့ ဒီလမ်းတွေကို ပြန်ထိန်းချုပ်ဖို့လို့ပဲထင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်တဲ့ အင်းတော်ကြီးဒေသတဝိုက် လုံးတုံ၊ နန့်မွန် စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်သေးတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဖားကန့်ဒေသကို သွားတဲ့ လမ်းကြောင်းတွေဖြစ်ကြတဲ့ မြစ်ကြီးနား – ကားမိုင်းလမ်း၊ စစ်ကိုင်းအစပ် ဝှေခါ – တာမခံလမ်းကြောင်းတွေကို KIA တပ်တွေက ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ ထိန်းချုပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ မိုးညှင်းမြို့နယ်ထဲက ဝင်တဲ့ လမ်းကြောင်းကိုထိန်းချုပ်ဖို့ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
17 June
ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ
နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More »








