ဆိုင်းတောင်ရွာ
-
Nov- 2025 -6 Novemberသတင်း
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည မရှီကထောင်၊ ဆိုင်းတောင်ဘက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရတယ်။ ဘယ်အဖွဲ့ကပစ်တာဆိုတာမသိသေးဘူး။ သေဆုံးသူနှစ်ဦးလည်း ဘယ်သူရယ်မသိသေးဘူးဗျ”လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အမျိုးသား နှစ်ဦးအနက် ဆိုင်ကယ်အပါ လမ်းမပေါ်မှာ သေဆုံးသူက ယူမာကျေးရွာတွင်းဖြစ်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ဖားကန့် – ဆိုင်းတောင်သွား လမ်းမပေါ်မှာ သွေးထွက်သံယိုများပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားနှစ် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေပြောပါတယ်။ ဒါ့အပြင် လက်ရှိ သေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်ဘက်က နေရာယူထားတဲ့ ပတ်ဝန်းကျင်တဝိုက်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖားကန့်မှာ တိုက်ခိုက်သံတွေငြိမ်သက်သွားတာ တစ်လနီးပါးခန့် ကြာမြင့်လာပေမယ့် အရပ်သားပစ်သတ်ခံရမှုတွေ ဆက်ရှိနေသေးတာဖြစ်တယ်လို့ ဖားကန့် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဖားကန့်စစ်ရေးအခြေအနေက အရင်လို ပြင်းပြင်းထန်ထန်တော့မရှိတော့ဘူး ငြိမ်နေတာပေါ့လေ။ ပြည်သူတွေက စစ်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ တိုက်ပွဲပဲ မဟုတ်ဘူး စုဆောင်းရေးဆွဲတဲ့အသံတွေလည်း ဒီရက်ပိုင်းက ပြန်ငြိမ်သွားတယ်။ တန်ဆောင်မုန်းလပြည့်ရက်တွေကြောင့်လားတော့မသိဘူး။ ပြည်သူတွေလည်းသွားလာကြနေတာတွေ့ရပါတယ်။ အခုလို ပစ်သတ်ခံရတာတွေတော့ ရှိနေသေးတော့ ဂရိုက်စိုက်ပြီးမှတော့ နေထိုင်ကြတာပေါ့”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ မြစ်ကြီးနားနဲ့ ဖားကန့် မြို့နှစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ည ၁၀ နာရီကနေ မနက်ပိုင်း ၄ နာရီအထိ ညမထွက်ရ အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် စက်တင်ဘာလအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီးကျမှန်ပြီးသေဆုံးမှုရှိခဲ့တဲ့ဖြစ်စဉ်၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး အကြောင်းမဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်၊ ဖားကန့် တပ်မကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျမှန်ပြီး အရပ်သားပြည်သူ သေဆုံးတဲ့ ဖြစ်စဉ်တွေ လနဲ့ချီ ဖြစ်စဉ်အသီးသီးရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Sep- 2024 -17 Septemberသတင်း
ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ဘာနဲ့ပစ်သတ်တာ၊ နှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတာတွေဖြစ်တယ်လို့ ဖားကန့်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မျက်မြင်သက်သေအရ ပြောရမယ်ဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သတ်လိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတာ၊ စစ်ကောင်စီတပ်သားတွေ Lucky Man Hotel ကနေ စနှိုက်ဘာနဲ့ ချိန်ပစ်တာတွေ၊ လမ်းပေါ်သွားလာတဲ့သူတွေကို လှမ်းပစ်တာအားလုံး ဒီရက်ပိုင်းအတွင်းမှာပဲ သေဆုံးတာ ၃၀ လောက်ရှိပြီဗျာ။ အခုချိန်အထိ တစ်ချို့ရုပ်လောင်းတွေကို ကောက်ယူလို့မရသေးဘူး။ လမ်းပေါ်တွေမှာ အများကြီးပုပ်ပွနေတာ ဘယ်လိုမှ ကောက်လို့မရသေးဘူး”လို့ပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းတွေဟာ လမ်းပေါ်မှာပုပ်ပွနေပြီး ကောက်လို့မရတဲ့အပြင် နေအိမ်တွေလည်း ဆက်တိုက်မီးရှို့ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ထိ ဆိုင်းတောင်ကျေးရွာထဲမှာ ရုပ်အလောင်း ၃၀ ထက်မနည်းသေဆုံးနေပြိီး သေဆုံးတဲ့ထဲမှာ အရပ်သားအများဆုံးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်ပူးပေါင်းပြီးတော့ လူနေအိမ်များအပြားကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပြီး Lucky Man Hotel ရှိတဲ့ ရပ်ကွက် ၄ မှာ နေအိမ် ၄၀၀ ဝန်းကျင်အများဆုံးမီးရှို့ခံရတယ်လို့ သူကဆက်ပြောတယ်။ စက်တင်ဘာ ၇ ရက်နေ့ တိုက်ပွဲစတင်လာတဲ့နောက် ၆ ရက်အကြာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲဟာပိုပြီးပြင်းထန်လာသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေပါတယ်။ “နေအိမ်တွေ မီးလောင်တာ ခန့်မှန်းတာ လေးရာကျော်၊ ငါးရာလောက်ရှိတယ်။ အဓိကတော့ ရပ်ကွက်(၄)နဲ့ ဖားပြင်လမ်းဘက်ကို ဆိုးဆိုးရွားရွာ မီးရှို့ခံထားရတာ။ ဒီဖြစ်စဉ်မှာက သေချာစုံစမ်းကြည့်ရသလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ခိုင်းစေမှုနဲ့ ရှမ်းနီ SNA တပ်သားတွေလည်းပါတယ်လို့ သိရပါတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက် ဒီကနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မျာလည်း ဆိုင်းတောင် ယူမာကျေးရွာဘက်မှာ လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးနေတယ်လို့ သူကဆက်ပြောပါတယ်။ ဆိုင်းတောင်ကျေးရွာထဲက နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီး အများဆုံး ဖားပြင်ကျေးရွာဘက်က အဆိုးရွာဆုံးဖြစ်တယ်လို့ သိရပါတယ်။ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် KIA ပူးပေါင်းတပ်တွေ လမ်းကြောင်း ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တစ်ဖက်မှာ စစ်တပ်က နေအိမ် မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေပြောပြပါတယ်။ ဖားကန့် ဆိုင်းတောင်ကျေးရွာထဲမှာ အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးရှို့ခံရမှု အလွန်များနေပေမယ့်လည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေက စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာလည်းဖြစ်ပါတယ်။…
Read More »

