တိုက်ပွဲ
-
Sep- 2024 -25 Septemberသတင်း
ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဖားကန့်ဒေသမှာရှိကြတဲ့ ပြည်သူတွေအများအပြားဟာ…
Read More » -
25 Septemberသတင်း
စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရပဲ ဆက်လက်တိမ်းရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့…
Read More » -
25 Septemberသတင်း
ဖားကန့်မှာ စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာပြီး စစ်ရှောင်အကူညီအရေးပေါ်လိုအပ်နေဆဲ
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ ထောင်ခန့်ရှိလာပြီး စစ်ရှောင်တွေအတွက် အရေးပေါ်အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ဘေးရှောင် ၄ ထောင်ရှစ်ရာအထိသာရှိခဲ့ပေမယ့် ၂၀ ရက်နောက်ပိုင်းမှာ စစ်ရှောင်ဦးရေ ၆ ထောင်ခန့်ထိမြင့်တက်လာတာလို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “၁၉ ရက်နေ့ မတိုင်ခင်အထိတော့ စစ်ရှောင် ၄ ထောင်ကျော်ပဲရှိသေးတယ်။ ဒီ ၂၀ ရက်နောက်ပိုင်း ပြည်သူတွေက နေ့တိုင်းလိုလိုရှောင်ကြတာ အခု ၆ ထောင်လောက်ရှိသွားပြီ။ အခုတိမ်းရှောင်ကြတဲ့ထဲမှာ ဆိုင်းတောင်တစ်ခုထဲမကတော့ဘူး။ ဆိုင်းတောင်တိုက်ပွဲကြောင့်ဆိုရင် ဖားကန့်မြို့တွင်းပါမယ်။ ပြီးရင် ယူမာရှောင်ရင် မရှီကထောင်လည်းအကုန်ရှောင်ကြပြီ။ မြစ်ကြီးနားဘက်ကို ဆင်းသွားတဲ့ သူတွေတောင်အရမ်းများတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ကျော်ခန့်ကို ဖားကန့်မြို့နယ်ထဲက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်နဲ့ တောနေရာအပါအဝင် နေရာ ၂၇ ခုသတ်မှတ်ပေးထားပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ၆ ထောင်ခန့်ထဲမှာ ဆိုင်းတောင်ကျေးရွာက ပြည်သူတွေအားလုံးနီးပါးပါဝင်ပြီး ဆိုင်းတောင်ကျေးရွာနဲ့ ထိစပ်တဲ့ စပေါ့၊ ယူမာ၊ မရှီကထောင် စတဲ့ ကျေးရွာက ပြည်သူတွေလည်း ပါဝင်တယ်ပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တိုက်ပွဲစတင်လာတဲ့ စက်တင်ဘာ ၇ ရက်ကနေ ကုန်ကားအဝင်မရှိတဲ့အတွက် မြို့ထဲ ကုန်စုံဆိုင်တစ်ချို့ကုန်ပစ္စည်း ပြတ်လပ်သွားတဲ့အပြင် ကုန်စုံဆိုင်ကြီးတွေအများပိုင်းလည်းပိတ်ထားပြီး လက်ကျန်ရောင်းနေသေးတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာရှိတဲ့ ရေသန့်စက်ရုံတွေလည်း ယာယီပိတ်ထားတာကြောင့် သောက်သုံးရေပြတ်လပ်ဒဏ်ကိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တတ်နိုင်သူတွေလည်း ကုန်ပစ္စည်းဝယ်ယူနိုင်ဖို့ ခက်ခဲနေပြီး တစ်ဖက်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူထောင်ချီအတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်လို့ ဖားကန့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “အခုက ဘယ်ဖြစ်လာလဲဆိုတော့ ပိုက်ဆံရှိနေရင်တောင် အစားအသောက်ဝယ်စားနိုင်ဖို့ ခက်ခဲလာတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက အရမ်းများလာတယ်။ ဆိုင်ကြီးတွေက ပိတ်ထားတာများလာတယ်။ လူထောင်ချီစာအတွက်ဝယ်ယူဖို့ ခက်ခဲတယ်။ ပြီးရင် သောက်ရေသန့် ထုတ်တဲ့ စက်ရုံတွေပိတ်ထားလို့ သောက်ဖို့ ရေတောင်ခက်ခဲသွားပြီ။ နောက်တစ်ခုဆေးဝါး လုံးဝ ဝယ်ဖို့ အရမ်းခက်ခဲသွားပြီ ဆေးဆိုင်တွေ အကုန်ပိတ်ထားတယ်။ ဒီအချက်တွေက အခုလောလောဆယ်ကူညီပေးဖို့ လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။ KIO/KIA ဘက်ကနေ ဆေးဝါးတွေကို အရေးပေါ်အတွက်သာပြင်ဆင်ထားတာဖြစ်တဲ့အတွက် စစ်ရှောင်နေရာတွေမှာ နားမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ခန့် အတွက် တိမ်းရှောင်နေတဲ့ ကျေးရွာအလိုက် တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့ လူမှုကူညီရေးတွေ ပူးပေါင်းပြီး လတ်တလောစားဝတ်နေအတွက် ဖြေရှင်းပေးနိုင်ပေမယ့် တိုက်ပွဲကာလ ဒီထက်ပိုပြီး ကြာမြင့်လာရင် အစားအသောက်ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးတဲ့ သူတွေကပြောပါတယ်။ လတ်တလောစစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ သောက်သုံးရေတွေအဓိက လိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ ဒေသခံပြည်သူတွေအားလုံး တိမ်းရှောင်သွားကြပြီးနောက် ကျေးရွာအဝင်ပေါက် အားလုံးကို KIA ပူးပေါင်းတပ်က ကြိုးသွယ်တန်းကာပိတ်ထားပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ထိ ဆိုင်းတောင်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဆက်တိုက်လုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
18 Septemberသတင်း
ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နေ့တိုင်းလိုလို ရွာကနေစွန့်ခွာပြီး ဖားကန့်မြို့ဘုန်းကြီးကျောင်းနေရာ၊ဘာသာရေးကျောင်းတွေအပြင်…
Read More » -
11 Septemberသတင်း
ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို KIA တပ်သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါဒေသမှာ စစ်ရေးတင်းမာနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ လဂွေပြည်သူ့စခန်း လက်လွတ်လိုက်ရတဲ့နောက်…
Read More » -
10 Septemberသတင်း
ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၆ ရက်ည ဆိုင်းတောင်ကျေးရွာထဲ စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိ နှစ်ဖက်စစ်တပ် အပြန်အလှန်ပိတ်ဆို့တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲက စစ်တပ်နဲ့ KIA တပ်တွေက ပိတ်ဆို့ရေးတွေလုပ်ပြီး တိုက်ပွဲကဖြစ်နေဆဲပါပဲ။ အဲကြောင့် ဆိုင်းတောင်ဘက်ကို ဘယ်သူမှ ဝင်လို့မရဘူး။ အဲလိုဘဲ ဆိုင်းတောင်ဘက်ကိုသွားတဲ့ ဝင်ပေါက်လမ်းကြောင်းတွေအကုန်လုံးပိတ်ထားတယ်။ တစ်ချိုဆိုရင် အပြင်ရောက်နေလို့ ကိုယ့်ရွာထဲကို ကိုယ်ပြန်ဝင်လို့မရသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)မှာရှိတဲ့ Lucky Men Hotel တဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ ယူမာလမ်း အဝင်အထွက်လမ်းတွေပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်နေကြာတာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပိုပြီးပြင်းထန်လာတာဟာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင် Lucky Men Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်မှာ ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတစ်ချို့နဲ့ KIA တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။ “Lucky Men Hotel မှာတစ်ချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့ သူတွေလည်းရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်းပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဘက်က Lucky Men Hotel က ဖမ်းဆီးသွားတဲ့ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာတွေ၊ ရိုက်နက်တာတွေလုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်းရှိနေပြီး အရပ်သားပြည်သူတစ်ချို့ လမ်းပေါ်သေဆုံးနေတာတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ PDF အဖွဲ့တွေ Lucky…
Read More » -
7 Septemberသတင်း
ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ
ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky Man Hotel နဲ့ KTV မှာရှိနေတဲ့ KIA၊ KPDF တပ်ဖွဲ့တစ်ချို့ကို ဝင်စီးနင်းရာကနေ အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ “ဒီမနက် ၁ နာရီကျော်ကတည်းက ဖြစ်နေတာ KIVနဲ့ Hotel မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ချို့ကို စစ်တပ်က ဝင်ဖမ်းတာလို့ပြောတယ်။ စစ်ကြောင်းက ၃ ကြောင်း Luky man ထဲဝင်တာတစ်ဖွဲ့၊ Luky man ဆိုင်နားက တံတားမှာလုံခြုံရေးယူပေးတာ တစ်ဖွဲ့၊ Luky man နောက်ဖက် ကျောက်သွေးတောင်ဘက်ကို လုံခြုံယူပေးတာတစ်ဖွဲ့ ဝင်လာတာ။ အဲဒါကို KIA ပူးပေါင်းတပ်က ရွာအပြင်ကနေ ထပ်ဝိုင်းထားတော့ တစ်နေကုန်ပစ်လိုက် နားလိုက်နဲ့ ညနေပိုင်းကနေ တောက်လျှောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀ ဝန်းကျင်ရှိပြီး Luky man Hotel ထဲဝင်ရောက်စီးနှင်းချိန် တံတားမှာစောင့်နေတဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား တစ်နေ့လုံး စစ်ရေးတင်းမာနေခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ နာရီ နောက်ဆုံးသိရှိရတဲ့အချက်လက်အရ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ မနက်ပိုင်းကနေ ထွက်ပြေးသွားနိုင်တဲ့သူတွေရှိပေမယ့် အများပိုင်းရွာထဲကျန်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ “တစ်နေကုန် နှစ်ဖက်စောင့်ကြည့်အနေထားမှာရှိနေတာလို့ သိရတယ် ပစ်လိုက်နားလိုက်နဲ့ အထဲဝင်သွားတဲ့ စစ်ကြောင်းကလည်း ပြန်မထွက်နိုင်တော့ဘူး ပြည်သူတွေက တံခါးပိတ်ပြီးနေနေကြတယ်လို့ နောက်ဆုံးသိထားရတယ်။ပြေးတဲ့သူကလည်း တစ်ချို့ပြေးကြပြီ နေ့လည်ကတည်းက” လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွာအထဲ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေထွက်လို့မရအောင် KIA ပူးပေါင်းတပ်က ပိတ်ဆို့ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတာဘဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။‘ By – Zami
Read More » -
6 Septemberသတင်း
တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ
စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တလေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စပြီးတိုက်ပွဲကြောင့်ပိတ်နေတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စက်တင်ဘာလ လဆန်းပိုင်းကစ အန်စာတုံးကားအသေးတွေနဲ့ တောလမ်းတွေကိုသုံးပြီး ခရီးသည်တစ်ယောက်ကို ကျပ်တစ်သိန်းခွဲ နှုန်းပြေးဆွဲနေရတယ်လို့ ကားသမားတစ်ယောက်ကပြောပါတယ်။ “တောလမ်းတွေကိုကွင်းပြီးသွားရတာပေါ့ အဲ့လမ်းတွေကနေ အန်စာတုံးကားလေးတွေတော့သွားလို့ရနေ တယ်။ လမ်းကတော့နည်းနည်းဆိုးတာပေါ့ မြေလမ်းဆိုတော့။ ခရီးလည်း ကြန့်ကြာသွားတာပေါ့ ခရီးသည် ယာဥ်အကြီး Express ကားတွေမရဘူး။ ကုန်ကားတွေတော့မရဘူးပေါ့”လို့ပြောပါတယ်။ အဲ့ဒီအန်စာတုံးကားအသေးတွေနဲ့ တင်နိုင်တဲ့ကုန်ပစ္စည်းတစ်ချို့တော့သယ်ဆောင်လို့ရပေမဲ့ ပစ္စည်းအများအပြားတော့သယ်လို့မရဘူးလို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း တိုက်ပွဲတွေကြောင့်သွားလာလို့မရတော့တဲ့ နောက် ကချင်ပြည်နယ်အတွင်း အခြေခံကုန်ပစ္စည်းအဝင်မရှိတော့သလို ခရီးသွားလာတဲ့သူတွေ လျော့နည်း သွားတာတော့မရှိဘူးလို့ ကားသမားတစ်ယောက်ကဆက်ပြောပါတယ်။ “အသွားအလာကတော့ မြစ်ကြီးနားဘက်က ပုံမှန်လောက်တော့သွားကြတယ်။ အရင်လောက်တော့မသွား တော့ဘူးပေါ့လေ”လို့ပြောပါတယ်။ ကားလမ်းအသုံးပြုပြီးသွားလာသူအများစုဟာလည်း လေယာဥ်လက်မှတ်မရလို့ မဖြစ်မနေသွားလာရသူတွေ သာများတယ်လို့ဆိုပါတယ်။ လက်တလော ကချင်ပြည်နယ်ဘက်မှာဆိုရင် မော်လူးဒေသကစလို့ လမ်းတွေပိတ်ထားပြီး မန္တလေးကနေ မြစ်ကြီးနားကိုလာရင်တော့ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံဒေသကစလို့ လမ်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပြန်ဖွင့်ဖို့ ကြာမြှင့်အုံးမယ်လို့ ကားသမားတွေဆီ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအသိပေးလာပြီး ဒီနေ့အထိလည်း ကားလမ်းပိုင်းကပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း တိုက်ပွဲတွေကြောင့်ပိတ်ထားရ တာ ရက်ပေါင်း ၂၁ အထိရှိလာပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
4 Septemberသတင်း
ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့ ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး
Read More » -
4 Septemberသတင်း
ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ကနေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမောက်နဲ့ မိုးမောက်ကြားက ၇ မိုင်ဆိုတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေက အောင်မြေကျေးရွာတွေမှာ နေရာယူထားတယ်။ အဲ့ဒါကြောင့် ပိတ်ဆို့တိုက်ခိုက်နေတာဟုတ်တယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို KIA တပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်တပ်ရှိတဲ့ဘက်ကို ကျော်တက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းနဲ့ ဗုံး ၈ လုံးအထက်လာရောက် ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ မိုးမောက် ၆ မိုင်၊ ၇ မိုင်ဘက်ကို ဒီကနေ့က ဗုံးလာကြဲသွားတာ ၈ ကြိမ်လောက်ရှိပြီ။ တိုက်ပွဲလည်း ဆက်ဖြစ်နေတုန်းပဲ”လို့ပြောပါတယ်။ KIA တပ်တွေလည်း သိမ်းပိုက်ထားပြီဲဖြစ်တဲ့ မိုးမောက်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာရှိတဲ့ အောင်မြေကျေးရွာမှာ အင်အားစုပြီး တပ်စွဲနေထိုင်ထားတာကြောင့် KIA တပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်တာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်ပေမယ့် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »









