ပူတာအိုမှာ လူငယ် ၂၀၀ ဝန်းကျင်ဖမ်းဆီးခံရ

ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ လူငယ် ၁၅၀ ထက်မနည်းဖမ်းဆီးခံထားရတယ်လို့ တန်ဂူးတန်ပြည်သူ့စစ်နဲ့နီးစပ်သူတွေ KNG ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၀ ရက်ကစပြီး ပူတာအိုနဲ့ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေနဲ့ ရွှေမှော်ထဲက လူငယ်တွေကို ညဘက် လိုက်လံဖမ်းဆီးနေပြီး စက်တင်ဘာ ၂၀ ရက်အထိ လူငယ် ၁၈၀ ဦးဝန်းကျင် ဖမ်းဆီးထားပြီလို့ သိရပါတယ်။

ကိုယ်တိုင်တွေ့ခဲ့တယ် အယောက် ၁၅၀ လောက်တော့ရှိမယ်။ မနေ့ (စက်တင်ဘာ ၁၈) က တွေ့ခဲ့တာ။ တန်ဂူးတန်ဌာနချုပ်မှာ ဖမ်းထားတယ်။ အားလုံးကို ဂတုံးတုံးထားတယ်။ အောက်ပိုင်းပို့မယ်တဲ့။ လေယာဉ်နဲ့ ဒေသက ကလေးတွေပဲ အားလုံးကလို့ မျက်မြင်တွေ့ခဲ့ရတဲ့ တန်ဂူးတန်အဖွဲ့နဲ့ နီးစပ်သူတစ်ဦး  KNG ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေက လူငယ်တွေအပြင် ပူတာအိုမြို့နယ်က ခင်ဖန်၊ ဂျူဗလီ၊ လယ်မယ်ဝါဂျီ၊ မုဒုံ စတဲ့ မြို့အနီးကျေးရွာတွေက လူငယ်တွေ၊ မချမ်းဘော့မြို့ပေါ်က လူငယ်တွေနဲ့ ဆင်လုံဒမ်း၊ နမ့်ခမ်း၊ နမ့်စဘွမ်ဘက်က ရွှေမှော်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ တန်ဂူးတန်ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ ပူတာအိုမြို့ သုတ္တန်ရပ်ကွက် () က အမျိုးသားတစ်ဦးက စက်တင်ဘာ ၁၈ ရက်မှာ တန်ဂူးတန်ပြည်သူ့စစ်ဌာနချုပ်အတွင်း ဖမ်းဆီးထားတဲ့ လူငယ် ၁၅၀ ဝန်းကျင်ကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

နောက်ထပ် မချမ်းဘော့မြို့နယ်ဘက်က ရွှေမှော်တွေမှာလည်း ညအိပ်နေတဲ့ လူငယ်တွေကို တဲအတွင်းအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိတယ်လို့  မချမ်းဘော့မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

ဒီမှော်ဘက်ဆို အိမ်ထဲ၊တဲထဲထိ ဝင်ဖမ်းတာ တော်တော်များများပါသွားတယ်။ သားရဲ့သူငယ်ချင်းတွေလည်း ပါသွားတယ်လို့ပြောပါတယ်။

ခုလို လူငယ်အများအပြား ဖမ်းဆီးခံရပြီးနောက် ရွှေမှော်ဘက်ကို သွားလာဖို့တောင် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်ညမှာလည်း ကောင်ကထောင်ရပ်ကွက်က ညဘက်အပြင်ထွက်တဲ့ လူငယ် ၁၅ ဦး ဖမ်းဆီးခံရပြီး အသက်မပြည့်သေးတဲ့ တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းခံရသူတွေထဲမှာ Starlink Wi-Fi သွားသုံးဖို့ သူငယ်ချင်းတွေနဲ့ ထွက်လာတဲ့ လူငယ်လေးဦးလည်း ပါဝင်တယ်လို့ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီညမှာပဲ သုတ္တန်ရပ်ကွက်က ငါးမျှားဖို့ ထွက်သွားတဲ့ လူငယ်အမျိုးသားနှစ်ဦးလည်း စက်တင်ဘာ ၂၀ ရက်အထိ အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စက်တင်ဘာလအတွင်းမှာပဲ ဖမ်းဆီးခံရသူ ၂၀၀ ဝန်းကျင်အထိရှိလာပြီး ဒီဖမ်းဆီးမှုတွေကို ပူတာအို ခလရ ၄၆ တပ်၊ မချမ်းဘော့မြို့က ခလရ ၁၃၇ တပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေက လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြို့ပေါ်မှာတော့ ည ၈ နာရီနောက်ပိုင်း အပြင်ထွက်လာတဲ့ အသက် ၁၅ နှစ်အထက်နဲ့ ၃၀ အောက် လူငယ်အမျိုးသားတွေကို စစ်ဘက်သုံးကားတွေနဲ့ လိုက်လံဖမ်းဆီးနေပြီး ကျေးရွာနဲ့ ရွှေမှော်ဘက်မှာတော့ နယ်ထိန်းရဲတွေနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အိမ်စီးကားတွေနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပူတာအိုမြို့ ဂျူဗလီရပ်ကွက်ရှိ တန်ဂူးတန်ပြည်သူ့စစ်စခန်းနဲ့ ခလရ ၄၆ တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့် ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဒေသမှာ အရင်က ပြည်သူ့စစ်မှုထမ်းအတွက် ရပ်ကွက်အလိုက် လူဦးရေစာရင်းကောက်ယူတာနဲ့ တပ်သားသစ်တောင်းတာတွေ ရှိခဲ့ပေမယ့် ခုလို ညဘက် လူငယ်တွေကို လိုက်လံဖမ်းဆီးတာမျိုးက ဒလမှာတော့ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုနဲ့ မချမ်းဘော့ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့ဒေသတွေဖြစ်တာကြောင့် ရွှေမှော်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေပါ ဖမ်းဆီးခံနေရတာက ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေကို စစ်ကောင်စီတပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ အာဏာသိမ်းစစ်တပ်က လက်တွေ့အသက်ဝင်စေခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်းတစ်ပတ်စဉ်ကို လူ ၅,၀၀၀ ခန့် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် အပတ်စဉ် ၁ ကနေ ၂၇ အထိ စုစုပေါင်း ၁၃၅,၀၀၀ ဝန်းကျင်ရှိနိုင်ပြီး အပတ်စဉ် ၂၈ သင်တန်းကိုတော့ စက်တင်ဘာ ၇ ရက်မှာ စတင်ဖွင့်လှစ်ထားပြီလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။ 

By – Zaw Zaw

Show More

Leave a Reply

Back to top button