စစ်ရေး

အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော

အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာ‌ရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။

အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ လုပ်ရပ်က လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပိုမိုရှုပ်ထွေးသွားစေတဲ့အပြင် စစ်တပ်ကို ပြည်သူလူထုမုန်းတီးမှုသာဖြစ်လာမယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေတဲ့ နေရာတွေက တိုက်ပွဲလည်းမရှိသလို အရပ်သားပြည်သူတွေပဲ သီးသန့်ရှိကြတဲ့ နေရာတွေသာဖြစ်ပါတယ်။ ဒီလိုပစ်မှတ်ထား ပစ်ခတ်နေတာက စစ်ရာဇဝတ်မှုကျူးလွန်နေတာတစ်ခု၊ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပိုပြီး ရှုပ်ထွေးသွားစေတာတစ်ခု၊ ဘာလို့လဲဆိုတော့ စစ်တပ်က ဒီလိုသာ ဆက်လုပ်နေတာဆိုရင် ပြည်သူလူထုတွေက မုန်းတီးမှုတွေ ပိုဖြစ်စေမယ်။ ဒါကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့က ဒီထက်ပိုပြီး ဝေးသွားနိုင်တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မြစ်ကြီးနားဗန်းမော်ကားလမ်းမပေါ်ရှိ မြို့သစ်၊ ကုန်လောကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်အပါ အရပ်သား ၉ ဦး ပွဲချင်းပြီး အသက်သေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကုန်းလော ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းအတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မိုးမောက်မြို့နယ်ထဲက နားလိုင်၊ ခူးလီ ကျေးရွာပြည်သူ အိမ်ထောင်စု ၂၀ ခန့် လာရောက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အချိန်ဟာ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်လောက်မှာဖြစ်တာကြောင့် သေဆုံးမှုထဲမှာ အသက်ငယ်တဲ့ ကလေးတွေသာ အများဆုံး သေဆုံးမှုရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၁၃ နှစ်အရွယ် လဇွပ်မျိုးဂျတ်အောင်၊ အသက် ၁၁ အရွယ် လဇွပ် ဆာရာဆိုင်း၊ အသက် ၇ နှစ်အရွယ် လဇွပ်မေရီပန်၊ အသက် ၅ နှစ်အရွယ် လဇွပ်ဇိုင်းလီ၊ အသက် ၁၁ နှစ်အရွယ် ဂေါ့လို ဂမ်ဆိုင်း၊ အသက် ၉ နှစ်အရွယ် ဆွမ်လွတ်မုန်ထွယ်အောင်၊ အသက် ၁၀ နှစ်အရွယ် လရှီးစောမ့်ဆန့် နဲ့ အသက် ၃၆ နှစ်အရွယ် ဦးလဇွပ်ထန်ဝါ၊ ဆရာမ အင်ပရန့် မွန်းမိုင် အသက်သေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။

ကုန်းလောကျေးရွာ KBC ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စစ်ဘေးရှောင် ၉ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ KBC ဘုရားကျောင်းဆောင်လည်း တစ်စစီ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ စစ်ရှောင်မိသားစုအများပိုင်းက လုပ်ငန်းခွင်ထဲကနေ ပြန်မရောက်လာသေးအချိန်ဖြစ်သွားတာကြောင့် သေဆုံးမှုထဲ ကလေးငယ်တွေသာ အများဆုံးဖြစ်ခဲ့တာကြောင့် အလွန်စိတ်ဝမ်းနည်း မိတယ်လို့ ကုန်လောဒေသခံ တစ်ဦးက အခုလို ဆက်ပြောပါတယ်။

ကျနော်တို့က ဘာမှ မသိသေးတဲ့ ကလေးငယ်တွေ သေဆုံးသွားတဲ့အတွက် ပိုပြီးတော့ စိတ်နာစာရာ ဝမ်းနည်းစရာဖြစ်မိတယ်။ ဒါက လုံးဝမဖြစ်သင့်တဲ့ ဖြစ်စဉ်ဖြစ်တယ်။ ညနေပိုင်းလည်းဖြစ်တော့ ကလေးတွေက လည်းအိမ်တွင်းထဲကနေ ထွက်ပြီး ကျောင်းဝင်းထဲမှာ ဆော့ကစားနေတဲ့ အချိန်မှာ ဖြစ်သွားတာ။ အဲ့ကြောင့် သေဆုံးတဲ့ထဲမှာ များတယ်။ နောက်တစ်ခုက ဘုရားကယ်တယ်လို့ပြောရမယ် ဘုရားကျောင်းနောက်ကြောက လယ်ကွင်းဘက်ကို ကလေးအများပိုင်း သွားဆော့နေကြတော့ သေဆုံးမှုနည်းသွားတယ်လို့ပြောရမယ်။ ဒါပေမယ့် ကလေးတွေအားလုံးက စခန်းထဲမှာပဲ ဆော့နေကြရင် မတွေးဝံ့စရာပဲ။ ဒါကလည်း ကျနော်တို့ကို ပေးတဲ့ စိတ်ဒဏ်ရာတစ်ခုပါပဲလို့ပြောပါတယ်။

မြစ်ကြီးနားဗန်းမော် ကားလမ်းမပေါ် မြို့သစ်၊ ကုန်းလော တစ်ကြောမှာ ရှိတဲ့ ကျေးရွာ အားလုံးကို KIA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် ၉ လဝန်းကျင်အထိ အဲဒီဒေသတွေမှာ တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပါတယ်။

တစ်ဖက်မှာ တိုက်ပွဲတွေငြိမ်သက်သွားပြီဖြစ်ပေမယ့် မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ နေရာဘက်မှာ တစ်ကြော့ပြန် စစ်ကောင်စီဘက်ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားနေသေးတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး နားလိုင်၊ ခူးလီ စတဲ့ ကျေးရွာနေပြည်သူတွေက နေရပ်ပြန်လို့မရဘဲ စစ်ရှောင်နေရဆဲဖြစ်ပါတယ်။

ဒေသငြိမ်သက်သွားပြီဖြစ်တဲ့ ကုန်းလောကျေးရွာကို စစ်တပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းမှာ ပြန်လည်ရရှိဖို့အတွက် တန်ပြန်တိုက်ပွဲဖော်ဆောင်နေပေမယ့် စစ်ရှုံးနေတဲ့အတွက် အခုလို လုပ်ဆောင်လာတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဒီအချိန်မှာက တွေတောစရာတော့ အများကြီးရှိပါတယ်။ မိုးမောက်နဲ့ ဗန်းမော်ကြားမှာလည်း နေ့တိုင်းတိုင်းလိုလိုတိုက်ပွဲပြင်းထန်နေတယ်။ မိုးမောက်မြို့နယ်ထဲက နားလိုင်၊ ခူးလီ ၊ ဒါဆိုင်း ၊ မြို့သစ်ကုန်လော တစ်ကြောက စစ်တပ်စခန်းကိုတွေ လက်လွတ်လိုက်ရနေရာတွေဖြစ်တဲ့အတွက် သူတို့က အဲဒီနေရာတွေကို ပြန်ရဖို့ ကြိုးစားနေတယ်လို့လည်းမြင်တယ်။ သူတို့ပြန်မရတော့ရင်လည်း ဖျက်ဆီးလိုက်မယ်ဆိုတဲ့ ပုံစံနဲ့ လုပ်ဆောင်နေတယ်လို့မြင်တယ်။ အခုဖြစ်စဉ်ကလည်း မိုးမောက်တိုက်ပွဲကြောင့်လည်း ပါမယ်လို့ထင်ပါတယ်လို့ပြောပါတယ်။

မြန်မာတစ်နိုင်ငံအတိုင်းအတာနဲ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ ငြိမ်းချမ်းစွားနေထိုင်နေတဲ့ နေရာဒေသတွေမှာ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူလူထုတွေအနေနဲ့ သတိထားနေထိုင်ကြဖို့လည်း ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

ကုန်းလော KBC ဘုရားကျောင်းတိုက်ခိုက်ခံရပြီး နှစ်ရက်အကြာ နိုဝင်ဘာလ ၁၇ ရက်နေ့ ညသန်ခေါင်ယံ ၁၂ နာရီဝန်းကျင်လောက်မှာလည်း စစ်ကောင်စီတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးမှာ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသမီး နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နောက်ထပ် အရပ်သား ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်သိရပါတယ်။

ကချင်ဒေသမှာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာလည်း KIO ထိန်းချုပ်နယ်မြေ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးပေါက်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးမှုရှိခဲ့ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ဖားကန့် အနန့်ပါကို လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား ၈၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၂၂၀၂၃၂၀၂၄ ခုနှစ် ၃ နှစ်တာအတွင်း စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၀၀ ကျော်အထိ သေဆုံးမှုရှိခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေဟာ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ကောင်စီတပ်စခန်းရှိတဲ့ နေရာတွေကို စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်နေပြီး သိမ်းပိုက်ရရှိထားတဲ့ နေရာဒေသတွေကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button