ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင်ယှဉ်ပြိုင်မည့် SNLD ပါတီဖြင့်တွေ့ဆုံမေးမြန်းခြင်း

“ဗိုလ်ချုပ်အောင်ဆန်းကို မြင်တဲ့ပုံစံက ပြည်မက မြင်တဲ့ပုံနဲ့ ကျနော်တို့ တိုင်းရင်းသားတွေမြင်တဲ့ပုံက မတူဘူး။ အဲကြောင့် အဲလိုခွင့်ပြုတယ်ဆိုရင်တောင် ကျနော်တို့အတွက် ဘာမထူးပါဘူး။”

လာမယ့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၄ ခု နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်သွားမည့်အကြောင်း ပြောဆိုလာသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ပါတီ မှ ကချင်ပြည်နယ် အလုပ်အမှုဆောင်အတွင်းရေးမှူး ဦးစိုင်းကျော်သီဟဖြင့် တွေ့ဆုံမေးမြန်းထားသည်။

မေး-လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်းဘယ်နှစ်မြို့နယ် က ယှဉ်ပြိုင်မှာလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေ စီစစ်ရွေးချယ်တဲ့အပိုင်း အခြေနေတွေပြောပေးပါ။
ဖြေ-၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ ရှမ်းတိုင်းရင်းသား အများစုနေထိုင်တဲ့ မြို့နယ်(၄)မြို့နယ် နဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်အပိုင်းကတော့ မြို့နယ်လွှတ်တော် ကိုယ်စားလှယ် စီစစ်ဆေးအဖွဲ့ ဖွဲ့ပြီးတော့ စီစစ်ရွေးချယ်နေပါတယ်။

မေး- ဆရာတို့ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုမူနဲ့ရွေးချယ်ထားလဲ။ ပြီးတော့ ပါတီမှာ အမျိုးသမီးနဲ့ လူငယ်တွေရဲ့အခန်းကကော ဘယ်လောက်ထိရှိနေပြီလဲ။
ဖြေ – ကျနော်တို့ပါတီမှာကျတော့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ အဓိကနိုင်ငံရေးကို ဖော်ဆောင်နိုင်တဲ့သူ ဖြစ်ရမယ်။ ပြီးတော့ လူထုကလက်ခံနိုင်မယ့်သူဖြစ်ရမယ်။ သတ်မှတ်ထားတဲ့အရည်ချင်း ပြည့်မှီတဲ့သူဆိုရင်တော့ ရွေးချယ်မှာပါ။ ဒါပေမယ့် အရည်ချင်းသတ်မှတ်ချက်တူညီနေရင်တော့ လူငယ်တွေ၊ အမျိုးသမီးတွေကို ဦးစားပေးပြီးရွေးချယ်ဖို့ မူရှိတယ်။

အမျိုးသမီးနဲ့လူငယ်တွေရဲ့ပါဝင်မှုအခန်းကတော့ အနည်းဆုံး မြို့နယ်တိုင်းမှာ ပါဝင်မူရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ပြီးတော့ ကချင်ပြည်နယ်မှာတော့ ပါတီဝင်ဦးရေ စုစုပေါင်းက ၅၀၀ ကျော်လောက်ရှိပါတယ်။

မေး- လာမယ့်ရွေးကောက်ပွဲဟာ Covid-19 ရောဂါကြောင့် အကန့်သတ်တွေကြားက လုပ်ရမှာဆိုတော့ အတိုက်အခံပါတီတွေနဲ့ ပါတီငယ်တွေအတွက် စိန်ခေါ်မှုက ဘာဖြစ်မလဲ။
ဖြေ – ကျနော်တို့မှာ စိန်ခေါ်မှုအဓိက ၂ချက်ရှိနေတယ်။ ပထမတစ်ချက် အားလုံးလည်းမြင်နေတဲ့တိုင်းဘဲ လက်ရှိအာဏကာရပါတီက သမ္မတနဲ့အတိုင်ပင်ခံက အခြေခံ ဥပဒေကို ကျော်လွန်ပြီးတော့ မဲဆွယ်ခွင့်ရနေတာကိုက မျှတတဲ့ယှဉ်ပြိုင်မှု မဟုတ်တာတွေက ကျနော်တို့အတွက် စိန်ခေါ်မူကြီးတစ်ခုဖြစ်နေတယ်။ နောက်တစ်ခုက ရောဂါဖြစ်နေတဲ့အတွက် တစ်နိုင်လုံးက လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတာတွေလည်း ရှိနေတယ်။ ပြီးတော့ ဒီ covid-19 ဖြစ်နေတဲ့အတွက် ဘယ်လိုပြောင်းလဲလာမလဲ အဲပေါ်မှာဘဲ မဲဆွယ်ကာလမှာဘယ်လို လုပ်ဆောင်သွားမလဲ အဲဒါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်။

မေး-ခုန ဆရာပြောတဲ့ထဲလည်း ပါနေတယ်။ လက်ရှိအာဏာရပါတီအနေနဲ့က သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ကိုယ်၌ က မဲဆွယ်ခွင့်ရနေတယ်။ နောက်ပြီးတော့ အာဏာရပါတီကျတော့ သူ့ရဲ့အစိုးအဖွဲ့ လူပ်ရှားမူကိုက ပါတီရဲ့ ပုံရိပ်ကို ထင်ဟပ်စေတယ်ဆိုပြီး ပြောနေတာတွေလည်းရှိနေကြတော့ ဒီပေါ်မှာ ဆရာတို့ပါတီအနေနဲ့ကော ဘယ်လိုမြင်မိလဲ သုံးသပ်ပေးပါအုံး။
ဖြေ- အားလုံးကလည်း သုံးသပ်နေကြတဲ့တိုင်း မဲဆွယ်ခွင့်မှာ သူတို့အာဏာရပါတီတွေက ပင်နီတစ်ကားကားနဲ့ဆိုတော့ တံဆိပ်တွေနဲ့ဆိုတော့ သွယ်ဝိုက်တဲ့နည်းနဲ့မဲဆွယ်စည်းရုံးသလိုကိုဖြစ်နေပြီ။

မေး-UEC ကနေပြီးတော့ အမျိုးသားခေါင်းဆောင်ရဲ့ပုံကို ကိုင်ပြီးမဲဆွယ်တဲ့အပိုင်းမှာ ပါတီတစ်ခုတည်းမဟုတ်ဘဲနဲ့ ကြိုက်တဲ့ပါတီ ကိုင်လို့ရတယ်ဆိုပြီး ပြောထားတာတွေရှိတယ်ဆိုတော့ အဲပေါ်ဘယ်လိုမြင်မိပါသလဲ။

ဖြေ- အဲလိုကိုင်ခွင့်ပြုတယ်ဆိုရင်တော့ တရားမျှတတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို မြင်တဲ့ပုံစံက ပြည်မက မြင်တဲ့ပုံနဲ့ ကျနော်တို့ တိုင်းရင်းသားတွေမြင်တဲ့ပုံက မတူဘူး။ အဲကြောင့် အဲလိုခွင့်ပြုတယ်ဆိုရင်တောင် ကျနော်တို့အတွက် ဘာမထူးပါဘူး။

မေး-လက်ရှိအာဏာပါတီကကော တိုင်းရင်းသားပါတီနဲ့ဆက်ဆံရေးက အာဏာမရခင် အာဏာရပြီး ဘယ်လိုကွာခြားမူတွေရှိလာလဲ။
ဖြေ-ဒါကတော့ ရှင်းပါတယ်။ ကျနော်တို့ပါတီအနေနဲ့ကျတော့ စစ်အာဏာရှင်ဆန့်ကျင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး ကျောချင်းကပ်ခဲ့တဲ့ထိ ထိတွေ့မှုတွေရှိခဲ့တယ်။ ဒါပေမယ့် ခုအာဏာရပြီးနောက်ပိုင်း လုံးဝမရှိသလောက်ပါဘဲ။ အရင်တုန်းကဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆက်ဆံမှုတွေမရှိတော့ဘူး။ မီဒီယာမှာလည်း သူတို့ဖြေထားတာရှိပါတယ် ညွှန့်ပေါင်းဖွဲ့ဖို့အလားလာမရှိဘူး၊ ပြီးတော့ အရင်ကလည်းဖြေထားတယ် မဟာမိတ်အဖွဲ့ ဘယ်တုန်းက မရှိခဲ့ဘူးဆိုတာ ကျနော်တို့အတွက် အဖြေက ရှင်းပါတယ်။

မေး- အာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲတုန်းက ပေးထားတဲ့ ကတိကဝတ်တွေအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်းရှိနေတော့ လူထုက နိုင်ငံရေးကို စိတ်ပျက်သွားပြီလား။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာကော အရင်တုန်းကလို ပြည်သူတွေ တစ်ခဲနက်မဲလာပေးမယ်လို့ကော ယုံကြည်ထားသလား။

ဖြေ-ဒါကတော့ အားလုံးသိပြီးသားလည်းနေမှာပါ။ အခြေခံဥပဒေပြင်မယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ပြင်ဖို့အဆိုပြုလာတဲ့ ပုဒ်မတွေကို ကြည့်မယ်ဆိုလို့ရှိရင် တစ်ကယ့်အခြေခံဥပဒေရဲ့အနှစ်တွေနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူရေးတွေ နည်းနည်းမှ ဦးမတည်ဘူး။ သူတို့ပါတီလွှမ်းမိုးနိုင်ရေးဘဲ ဦးတည်နေတယ်လို့ ယေဘုယျအားဖြင့်မြင်တယ်။ နောက်တစ်ခုက ကျနော်တို့ ကချင်ပြည်နယ်မှာက ရှင်းပါတယ် ရွေးကောက်ပွဲမတိုင်ခင်တုန်း မြစ်ဆုံနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပြောခဲ့တာတွေ ပြီးတော့ အာဏာရပြီးသွားတဲ့နောက် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တုံ့ပြန်ရေးက လုံးဝ ပြောင်းလဲသွားတယ်လို့ မြင်တယ်။

မေး- လာမယ့်ရွေးကောက်ပွဲမှာ ကိုရိုနာကြောင့် မဲဆွယ်တဲ့ချိန်မှာ လူစုလူဝေးမလုပ်ရဘူး ကန့်သတ်ချက်ကြောင့် အင်တာနက်ပေါ်ကနေ မဲဆွယ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး UEC ကို တင်ပြဆွေးနွေးမှု အပိုင်းကဘယ်လိုရှိလဲ။
ဖြေ- ဆိုရှယ်မီဒီယာကနေ မဲဆွယ်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားဒေသမှာ ပိုပြီး စိန်ခေါ်မူတစ်ခုဖြစ်တယ်။ နည်းပညာပိုင်းကလည်း ပြည်မနဲ့နှိုင်းယှဉ်ရင် နည်းနည်းနောက်ကျတဲ့အပိုင်းရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အများဆုံးသုံးဖို့က သိန်း ၁၀၀ ပဲ ခွင့်ပြုထားတာပေ့ါနော်။ ဒါပေမယ့် အင်တာနက်ပေါ်ကနေ မဲဆွယ်ဖို့နဲ့ပတ်သက်ပြီး မေးတဲ့ချိန်လည်း UEC ဘက်ကလည်း ရှင်းရှင်းလင်းလင်းပြောတာမရှိဘူး။ ဥပမာ ကမ်ပိန်းအတွင်းသုံးတဲ့ငွေတွေကို ဘယ်လိုပြရမလဲဆိုပြီးမေးတာ ရှင်းလင်းအောင်မဖြေကြားဘူး။

မေး-ရွေ့ပြောင်းနဲ့ပတ်သက်ပြီးတော့ကော ရက်လျော့သွားတဲ့အပေါ် ဆရာတို့ရဲ့သဘောထားလေးပြောပေးပါအုံး။
ဖြေ-ဒီရွှေ့ပြောင်းနဲ့ပတ်သက်ပြီး ကျနော်တို့ကန့်ကွက်တာရှိခဲ့ပါတယ်။ အရင်တုန်းက ရက်ပေါင်း ၉၀ ကနေ ခုရက်ပေါင်း ၆၀ ဆိုတော့ ကျနော်တို့သဘောထားကတော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်ကို စွပ်ဖက်တယ်လို့မြင်တယ်။ ကျနော်တို့ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့်ဆက်သွားနေတုန်းဘဲ။

မေး-ဆရာတို့ တိုင်းရင်းသားပါတီတွေအနေနဲ့လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဘယ်လောက်ထိ မျှော်လင့်ထားလဲ။
ဖြေ-ဒီတစ်ခေါက်ရွေးကောက်ပွဲတော့ ကျနော်တို့ယှဉ်ပြိုင်မယ့် နေရာတွေအားလုံးမှာ အောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ရွေးကောက်ပွဲ ၂ဆက်ဖြတ်သန်းလိုက်ရတဲ့ချိန်ကျတော့ နားလည်သွားကြပြီ။ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ကိုယ်ဘဲ လုပ်ယူရမယ်ဆိုတာ နားလည်ကြတဲ့တွက် ဒီတစ်ခေါက်ရွေးကောက်ပွဲ ကတော့ များကြီးမျှော်လင့်ထားပါတယ်။

မေး- အဲဆို ၂၀၂၀ ရွေးကောက်ပွဲကော ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ လမ်းစဖြစ်လာနိုင်မလား။
ဖြေ- ကျနော်တို့ တိုင်းရင်းသားအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့အတွက် ကိုယ့်အားကိုယ်ကိုးထူထောင်ဖို့ တွက်လိုအပ်လာပြီဆိုတဲ့အနေထား ပြည်သူတွေလည်း သိရှိနားလည်လာကြပြီ။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲ ၂ဆက်ဖြတ်သွားပြီတဲ့နောက် တိုင်းရင်းသားတွေအနေနဲ့ ပြည်မပါတီတွေကို အားကိုးလို့မရမှန်း သိလာကြတယ်။ နှစ်ပေါင်း ၇၀ လောက် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလာရတဲ့အတွက် ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲက တိုင်းရင်းသားတွေ ကိုယ့်တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးကြလိမ့်မယ်လို့လည်း ယုံကြည်တယ်။ အဲကြောင့် ၂၀၂၀ ရွေးကောက်ပွဲက ညွှန့်ပေါင်းဖွဲ့ဖို့ လမ်းစဖြစ်လာမယ်လို့တော့ ယူဆမိတယ်။ ညွှန့်ပေါင်းအစိုးရဖွဲ့မှသာ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုရနိုင်မှ ဖြစ်တယ်။

Show More

Related Articles

Back to top button