Covid-19 Reportingသတင်း

ကိုယ်ပိုင်ကျောင်းများကို အဆောင်နေခွင့်ပြုထားခြင်း မရှိ

ကချင်ပြည်နယ်တွင် ပညာရေးကျောင်းများပြန်ဖွင့်တော့မည်ဖြစ်သော်လည်း COVID-19 ကာလဖြစ်သောကြောင့် ကိုယ်ပိုင်ကျောင်းများကို စာသင်ခွင့်သာပေးထားပြီး အဆောင်နေခွင့်ပြုထားခြင်းမရှိသေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

“လောလောဆယ် ကိုယ်ပိုင်ကျောင်းတွေမှာ စာသင်ဖို့ပဲ ခွင့်ပြုထားတာရှိပါတယ်။ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်နေတဲ့ကလေးတွေကိုတော့ လတ်တလောအခြေနေမှာ ခွင့်ပြုထားခြင်းမရ်ှိသေးပါဘူး။ ပြီးတော့ အဲစာသင်တဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ညီညွှတ်အောင်ဆောင်ရွက်ထားခြင်း ရှိမရှိကို ကျောင်းဖွင့်ရက်မတိုင်မီ တစ်ကျောင်းချင်းစီ စီစစ်သွားမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့က ဆိုသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကိုယ်ပိုင်ကျောင်းများတွင် အစိုးရကျောင်းများကဲ့သို့ Social Distancing အတိုင်း ဖွင့်လှစ်ရမည်ဖြစ်ပြီး သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းကိုက်ညီမှု မရှိပါက ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

မြစ်ကြီးနားမြို့ရှိ ပညာမိုးကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမျိုးမင်း က “အခု ချိန်မှာတော့ ကျောင်းဖွင့်ဖို့ဘဲ ညွှွန်ကြားထားသေးပါတယ်။ အဆောင်အိပ် အဆောင်စားတွေ ခွင့်ပြုချက်မရှိသေးပါဘူး။ ပြီးတော့ ကျောင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ၆ပေကွာအောင်ထားရမယ်။ PPE ဝတ်စုံတွေ၊ အပူချိန်တိုင်းတာတွေ လက်ဆေးမယ့်နေရာတွေ၊ လုပ်ထားရမယ်ဆိုပြီး ညွှန်ကြားထားတယ်။ ဆရာတို့ကျောင်းမှာလည်း ဒီနှစ်မှာတော့ ကျန်းမာရေးအခြေနေအရ Social Distancing ကလည်းရှိနေတော့ အရင်နှစ်တွေလိုတော့ ကျောင်းသားဦးရေလက်ခံနိုင်မှာ မဟုတ်တော့ဘူး။” ဟု ပြောသည်။

ကိုယ်ပိုင်ကျောင်းများတွင်လည်း အစိုးရကျောင်းများနည်းတူ သတ်မှတ်ချက်များကိုက်ညီအောင် ပြင်ဆင်ရသည့်အပြင် ကျောင်းဖွင့်နေချိန်တွင်လည်း ရောဂါလက္ခဏာသံသယ ရှိသူများ ပေါ်လာပါက ကျောင်းပိတ်ရန် ညွှွန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း ၆၁ ကျောင်းရှိပြီး ကိုယ်ပိုင်အထက်တန်းကျောင်းများအနေဖြင့်လည်း COVID-19 ဖြစ်နေသည့်အတွက် ယခင်ကဲ့သို့ ကျောင်းဖွင့်နိုင်ရန် ဆောင်ရွက်ရသည့်အပေါ် ခက်ခဲများကြုံတွေ့နေရကြောင်း မြစ်ကြီးနားမြို့ရှိ ပညာမိုးကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သည့် ဆရာဦးမျိုးမင်းက ပြောသည်။

ကချင်ပြည်နယ်တွင် ဇူလိုင်လ ၈ရက်နေ့ထိ COVID-19 ရောဂါကူးစက်ခံရမှုနှင့်ပတ်သက်ပြီး ဓါတ်ခွဲနမူနာပို့ခဲ့သူပေါင်း (၄၄၀၅) ရှိကာ ရောဂါပိုးမတွေ့ရှိသူ (၄၄၀၃) ရှိပြီး ပိုးရှိသူ (၂)ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့လူနာ ၂ဦးဖြစ်သည့် ၁၄၄ သည် ပိုးကင်းစင်ကာ ၎င်းနေအိမ်သို့ ရောက်ရှိပြီဖြစ်ပြီး ပိုးတွေ့လူနာ ၂၄၉ သည် ရောဂါပိုးထပ်မတွေ့သော်လည်း လတ်တလော မိုးမောက်ဆေးရုံတွင် Quarantine ဆက်လက်ထားရှိသေးကြောင်း သက်ဆိုင်ရာမှ သိရသည်။

Show More

Related Articles

Back to top button