ဖားကန့် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦး သေနတ်ဖြင့် ၃ကြိမ်ထက်မနည်း ပစ်သတ်ခံရ

ဖားကန့် စပေါ့ကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့တွင် တက်ကြွစွာပါဝင်သော လူငယ်တစ်ဦး ယနေ့ နံနက် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

မေလ ၂၅ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် သူ၏ နေအိမ် အိပ်ရာတွင် သေနတ် ၃ချက်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု နီးစပ်သူ တစ်ဦးထံမှ သိရသည်။

“ကလေးကအရမ်းလိမ္မာပြီး လူမှုရေးတက်ကြွသူ တစ်ဦးဖြစ်တယ်။ ဘာကြောင့် အခုလိုပစ်ခံရတယ် ဆိုတာက မသိရသေးဘူး။ ဒီမနက် သေနတ်ပစ်ခံလိုက်ရတာနဲ့ တစ်ခါတည်း ဆေးခန်းကိုခေါ်သွားတာဟုတ်တယ်။ ဒါပေမယ့် မရခဲ့ဘူး။ အခုက ရဲတွေလာစစ်နေတယ်”ဟု ပြောဆိုသည်။

အဆိုပါလူငယ်၏ အရှေ့ဘက်ခြမ်း ပခုံးတည့်တည့်တွင် သေနတ်ဒဏ်ရာ ၃ ချက်တိတိတွေ့ခဲ့ရပြီး နှာခေါင်းမှလည်း သွေးများထွက်ကြောင်း သူကဆက်ဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသော လူငယ်မှာ အသက် ၂၅နှစ်အရွယ် ကိုနေမင်းထွန်းဖြစ်ပြီး တံခါး(Chying Hka) လူမှုကူညီရေးအသင်း တွင်ပါဝင်လှုပ်ရှားသူဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် အဆိုပါလူငယ်ကို မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရသေးကြောင်းဆိုသည်။

သေဆုံးသွားသည့် ကိုနေမင်းထွန်းမှာ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှု ကင်းရှင်းသူ တစ်ဦလည်း ဖြစ်ကြောင်း မိသားစုထံမှသိရသည်။

Show More
Back to top button