သတင်း

ဟိုပင်တံတား မိုင်းခွဲဖျက်ဆီးခံရသည့်နေရာတွင် အမျိုးသား ၂ ဦးသေဆုံး

ကချင်ပြည်နယ် ဟိုပင်မြို့  ယမန်နေ့ည ၈ နာရီခန့် သရက်ချောင်း (ဝက်ကုန်း) တံတားကျိုးကျမူတွင် အမျိုးသား ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တစ်ဦးမှာ မိုင်းခွဲစဉ် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ တံတားကျိုးမှန်းမသိ ညအချိန် ဆိုင်ကယ်ဖြင့်မောင်းလာစဉ် တံတားအောက်သို့ ထိုးကျသေဆုံးခဲ့သည်ဟု ဆိုသည်။

“အဲတံတားမိုင်းခွဲရင်း သေသွားတဲ့တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တော့ဘူး ဘာလို့လဲဆိုရင် အားလုံးတစ်စစီအသားတစ်ခြား အူတွေတစ်ခြားဖြစ်နေပြီဆိုတော့ လူရုပ်မှတ်မိဖို့တော့ မဖြစ်နိုင်တော့ဘူး။ နောက်တစ်ယောက်ကတော့ ဒေသခံတစ်ဦး ငါးဖမ်းကနေပြန်လာတာ တံတားကျိုးနေမှန်းမသိတော့ အရှိန်နဲ့လာတော့ တစ်ခါတည်းထိုးဆင်းသွားတဲ့သဘောရှိတယ်။ အဲတစ်ယောက်တော့ ဆေးရုံမှာသေတယ်လို့သိရတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဖောက်ခွဲခံလိုက်ရသည့် ဝက်ကုန်းတံတားတစ်ဖက် လုံးဝပျက်စီးသွားပြီဖြစ်သည့်အတွက် ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ကြောင်း ဒေသခံများကပြောသည်။

“တံတားကနေ လုံးဝသွားလို့မရတော့တဲ့အတွက် ကားကြီး၊ ကားသေးတွေက မြို့ရှောင်ကွင်း နမ့်ရင်းလမ်း ဘက်ကနေသွားလာနေကြတယ်။” ဟု ဒေသခံများပြောသည်။

ယင်းတံတား မိုင်းခွဲခံရမှုတွင် ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ လူနေအိမ်အချို့လည်း ပျက်ဆီးခဲ့သည်။

အဆိုပါ သရက်ချောင်းကူးတံတားသည် မြစ်ကြီးနား-ရန်ကုန် သွားရာလမ်းတွင်တည်သော အဓိကကျသည့် တံတားဖြစ်ပြီး ဟိုပင်မြို့အထွက်တွင်ရှိကာ ၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ထားသည့် တံတားဖြစ်သည်။

Show More

Related Articles

Back to top button