ကသာမြို့နယ် PDFနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ကာ ၂ရက်အတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီမနက် ၇နာရီလောက်မှာ အင်အားက ၁၀၀ ဝန်းကျင်ရှိမယ်ထင်တယ် သူတို့က မော်တော်ယဉ်နဲ့တက်လာတာ ပြီးတော့ တုတ်ကြီးရွာနားမှာ ဆင်းပြီး ရွာထဲက သေနတ်ဖောက်ဝင်လာတာ ခုရွာက တစ်ချို့ပြည်သူတွေလည်း ပြေးနေရပြီ”လို့ ဒေသခံတစ်ဦးကပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် မိုးတားလေး၊အထက်ဝဲကြီးအနီးတစ်လျှောက်မိုင်းဆွဲတိုက်ခိုက်ခံရကာ မြို့လှ PDF နှင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲနှစ်ရက်အတွင်း နိုဝင်ဘာလ ၈ရက်နေ့ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် သေဆုံးခဲ့ပြီး PDF မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
အလားတူ နိုဝင်ဘာလ ၉ရက်နေ့တွင်လည်း အထက်ဝဲကြီးအနီး စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် မိုင်း ၄လုံးဖြင့် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် သေဆုံးမူများခဲ့ကြောင်း မြေပြင်သတင်းပေးပို့သူ တစ်ဦးကပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း ရေကြောင်းလမ်းဖြင့် ပြန်လည်ရောက်ရှိလာပြီး တုတ်ကြီးကျေးရွာထဲသို့ စဝင်ကာ သေနတ်များပစ်ဖောက်ပြီး တုတ်ကြီးရွာအထက် ရေနီရွာဘက်သို့ သေနတ်ဖောက်ရင်း ဆက်လက်ချီတက်သွားကြောင်း ၎င်းကဆက်ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမူများကြောင့် လက်ရှိချိန် ကသာမြို့နယ် မိုးတားလေး၊ရေနီ၊တုတ်ကြီး ၊ဝဲကြီး ကျေးရွာရှိ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် စစ်အင်အား ပိုမိုဖြည့်တင်းနေသည့်အပြင် မိုးတားလေးကျေးရွာရှိ၊စာသင်ကျောင်းများ၊ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်တပ်စွဲနေထိုင်နေသေးကြောင်း ဒေသခံများမှ သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ဆင်ရေးအား အလောင်းမင်းတရားအမည်ဖြင့် စစ်ဆင်ရေးပြုလုပ်နေပြီး စစ်ကိုင်းတိုင်း နေရာဒေသအနှံ့နေ့စဉ် Local PDFများနှင့် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်သည်။