ကသာ နမ့်စမ်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက် ကျဆုံးမှု များပြား
စစ်ကိုင်းတိုင်း ကသာခရိုင်၊ ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာအနီးတွင် ယနေ့နံနက် ၉ နာရီဝန်းကျင်မှစကာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်လို့ မနေ့ကတည်းကနေ ရွာကနေတိမ်း ရှောင်ခဲ့ရတာ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရ ခုန ၁၂နာရီလောက်မှ ငြိမ်သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၈နာရီဝန်းကျင် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ကသာမြို့နယ် ဝေပေါင်တောရဘုန်းကြီးကျောင်းမှ နမ့်စမ်းဖက်ရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးခဲ့ရာ နမ့်စမ်းရွာအရောက်တွင် ပူးပေါင်းညီနှောင်တပ်ဖွဲ့ဖြစ်သည့် KIA၊ ကသာPDF၊ မြို့လှPDF တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက် ထိခိုက်သေဆုံးမှုအပြင် ဒဏ်ရာရရှိသွားသူများလည်း အများအပြားရှိကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာတော့ ၃ နာရီလောက်ကြာတယ်။ စစ်တပ်ဘက်က အထိနာလို့ထင်တယ် ရဟတ်ယဥ်နဲ့ လူနာတင်ယာဥ်ပါရောက်လာတယ်” ဟု ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်၌လည်း နမ့်စမ်းရွာအနီးတွင် အလားတူတိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ အကျအဆုံးများပြီး ဒေသကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးအစထိမှန်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု ၊ လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပွားနေသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်သည်။