တိုက်ပွဲလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်

ဖားကန့် မြို့နယ် မနော့မှော်တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးကာ တိုက်ခိုက်နေသောကြောင့် ကပ်မှော်ကျေးရွာ ဒေသခံ ၃ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

ယနေ့ ညနေပိုင်း ၃နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မာနော့မှော် (Ma Naw Maw) ဘက်သို့ လာရောက်ပစ်ခတ်ချိန် ကပ်မှော်ကျေးရွာတွင် လက်နက်ကြီးကျမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီနေ့လာပစ်တာ တော်တော်ဆိုးရွားသွားပြီ။ တိုက်ပွဲဖြစ်တဲ့နေရာဘက် မဟုတ်ဘဲ ကပ်မှော်ကျေးရွာအတွင်းမှာကို လက်နက်ကြီးကျတာ။ လူနေအိမ် ၃ လုံး ပေါက်ထွက်သွားတယ်။ နောက်ဒေသခံ ၃ ယောက် ထိမှန်သွားတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ အခုချိန်အထိလည်း လေယာဉ်နဲ့လာတိုက်နေတုန်း။ မရပ်သေးဘူး။ ဒီနေ့ဆို လေယာဉ်နဲ့လာတိုက်တာ ၂ ရက် ရှိသွားပြီ” ဟု ပြောဆိုသည်။

ထိုသို့ လူနေအိမ်တွင် လက်နက်ကြီးကျမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ရွာသား ၃ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆေးကုသမှုခံယူရန် နာရေးကူညီမှုအဖွဲ့မှ မြစ်ကြီးနားဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်ထားသည့် ဒေသခံ ၃ ဦးမှာ ဦး Wa Je Htu Ra အသက် ၅၄နှစ်၊ ဒေါ် Pau Htum Hkawn ၈၇နှစ်နှင့် ဦး Maji Brang Nan ၈၈နှစ်တို့ဖြစ်ကြပြီး အဆိုပါ ၃ ဦးအနက် Pau Htum နှင့် Hkawn Maji Brang Nan ၂ ဦးမှာ အဆိုးဆုံးဖြစ်ကြောင်း ဆက်လက် သိရသည်။

ကပ်မှော် ကျေးရွာသည် ဖားကန့်လမ်းမပေါ် နန့်ယားကျေးရွာမြောက်ဘက်တွင်ရှိသော အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။

အဆိုပါကျေးရွာများတွင် ယမန်နေ့မှစတင်ပြီး စစ်ကောင်စီ နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ ရက်တိုက်ရှိပြီဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီတပ် အင်အား ၈၀ ခန့် ဖားကန့်ဘက်သို့ တက်လာရာ လမ်းကြောင်းတွင် KIA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက်အတွင်း ၁၀ ကြိမ် ထက်မနည်း ရှိပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ခံနေရသော ခွန်စိုင်ယန်၊ တံတားညီနောင်နှင့် ဂေါ့လူယန် စသော ကျေးရွာ ၃ခုမှာ ဆိုင်းဖရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ပါသည်။

Show More

Related Articles

Back to top button