တိုက်ပွဲသတင်း

လုန်ရှာယန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်၊ ဒေသခံများ ပူတာအိုနှင့် မြစ်ကြီးနားသို့ တိမ်းရှောင်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုန်ရှာယန်ဘက်သို့ စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  ၊ PDF ပူပေါင်းတပ်တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ကို KIA နှင့် ပူတာအို PDF တို့ပူးပေါင်းကာ လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ရာမှ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လုံရှာယန်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”တိုက်ပွဲက ခဏပဲဖြစ်တာ လက်နက်ငယ်တွေပစ်သံကြားတယ်။ လုန်ရှာယန်နဲ့တော့ သိပ်မဝေးဘူး မခေါလန်ရွာနဲ့ လုံရှာယန်ရွာကြားမှာဖြစ်တာ။” ဟု ပြောသည်။

လက်ရှိ ပူတာဘက်မှ ဆင်းလာသော စစ်ကောင်စီ အင်အား ရာဂဏန်းပါသော အဆိုပါ စစ်ကြောင်းသည် ဒေသခံများကို KIA ရှိသည့်နေရာကို လမ်းပြခိုင်းနေသည့်အပြင် ဖတ်မာနှင့် လုန်ရှာယန်ကျေးရွာများတွင် လူထုကို အကာအကွယ်ယူကာ ပစ်ခတ်မှုများပြုလုပ်နေသည်ဟု သိရသည်။

လုန်ရှာယန်ကျေးရွာအနီးတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၄ရက် ၅ရက်နေ့ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သောကြောင့် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သည့် ပြည်သူအချို့မှာ ကြိုတင် တိမ်းရှောင်နေကြပြီဟုလည်း ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ဆက်ပြောသည်။

”ကျွန်မတို့က ပူတာအိုဘက်ကို ရောက်နေတာ အ့မှာမနေရဲလို့ နှစ်ရက်လောက်ရှိပြီ တချို့ကတော့အမျိုးရှိတဲ့ လူတွေက အ့လိုပြောင်းနေကြတယ်။ လက်နက်ကြီးတွေကျလို့ဟုတ်တယ်။ ကျွန်မတို့က ကြောက်လို့ လက်နက်ကြီးတောင် ဘယ်နလုံးကျလဲမသိတော့ဘူး ညမှာပဲကျတာ ဒီနေ့ပြန်မလို့ သေနတ်သံတွေကြားတယ်လို့ ပြောလို့ ဒီနေ့လည်း မပြန်တော့ဘူး။ လက်နက်ကြီးတွေနဲ့ကောပစ်နေတာလို့ကြားတယ်။” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ယင်းအမျိုးသမီးက ပြောသည်။

လုန်ရှာယန်ကျေးရွာတွင် အိမ်ထောင်စု ၆၀၀ ကျော်နှင့် လူဦးရေ ၅၀၀၀ ကျော်မှီတင်းနေထိုင်ကြပြီး လတ်တလောတွင် ပူတာအိုဒေသ၌ တိုက်ပွဲဖြစ်ပွားမှုပိုမိုဖြစ်ပွားလာသည့် အနေအထားတွင်ရှိနေသောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ မြစ်ကြီးနား၊ ပူတာအို စသည်နေရာများတွင် ကြိုတင်တိမ်းရှောင်နေကြပြီ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIAနှင့် PDFတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ဆွမ်ပီယာန် ကျေးရွာကို စစ်ကောင်စီက လေယာဥ်သုံးစီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံငါးဦးလည်း ထိခိုက်ခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button