ပူတာအို နှင့် မချမ်းဘော့မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးတော့မည်
ကချင်ပြည်နယ် ပူတာအိုဒေသ အထက်နမ့်ထွမ်ချောင်း ရေစတင်ခမ်းခြောက်လာသောကြောင့် ပူတာအိုမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။
အထက်နမ်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ လက်ရှိတွင် ချောင်းရေခမ်းခြောက်စပြုလာပြီး စက်လည်ပတ်မှု အားနည်းလာသောကြောင့် ပူတာအို၊ မချမ်းဘော့မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာရပ်ကွက်များတွင် ၂ ရက်ခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့်သာ မီးပေးနိုင်တော့ မည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် EPC မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။
”အခုရေက နမ့်ထွမ်ရေက တစ်ရက်ပြီးတစ်ရက်ခမ်းနေလို့လေ အရင်ကရေရှိတဲ့အချိန်က စက်က နှစ်လုံးကနေသုံးလုံးအထိမောင်းနိုင်တာ အခုကစက်ကတစ်လုံးပဲလည်ပတ်နိုင်တယ်။ စက်ကအားလုံး လေးလုံးရှိတာ အခုက သုံးလုံးကရပ်ထားပြီး တစ်လုံးပဲလည်ပတ်နိုင်တော့ မီးကမပေးနိုင်တော့ဘူး။ အ့ာကြောင့် အခုကရွာတွေ ရပ်ကွက်တွေအားလုံးပေါ့ နှစ်ရက်ခြားနဲ့ပေးနေပြီ” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
ပူတာအိုမြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ် လျှပ်စစ်မီးပေးသည့် စနစ်ကို မတ်လ ၃ ရက်နေ့မှ စတင်နေပြီဖြစ်ပြီး ယင်းမတိုင်မီကလည်း ပူတာအိုမြို့တွင် အချိန်ပိုင်းဖြင့်သာ လျှပ်စစ်မီးရရှိကြောင်း လုံးစွတ် (Lung Sut) ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
”ကျွန်တော်တို့ရပ်ကွက်မှာတော့ အဲ့ဒီသုံးရက်နေ့ညကနေမီးမလာတော့ဘူး။ လေးရက်နေ့လည်း တစ်နေကုန်တစ်ညလုံးမလာဘူး။ ဒီနေ့ ငါးရက်နေ့လည်းမီးမလာသေးဘူး ညနေလာမလားတော့မသိဘူး။ အခုကနှစ်ခြားတစ်ခါလို့တော့ပြောတယ်။ အရင်ကလည်း အချိန်ပြည့်တော့မီးမရဘူး” ဟု လုံးစွတ်ရပ်ကွက်မှ အမျိူးသားတစ်ဦးက ပြောသည်
ပူတာအိုမြို့တွင် ယခင်တစ်ရက်လျှင် နံနက် ၉ နာရီ မှ ညနေ ၅နာရီထိ တစ်ကြိမ် ည ၈ နာရီခွဲမှ နံနက် ၅နာရီတစ်ကြိမ် အချိန်ပိုင်းအားဖြင့် ရရှိကြောင်း သိရသည်။
အထက် နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသည် ပူတာအိုမြို့နှင့် အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး ပူတာအို၊ မချမ်းဘော့မြို့နှင့် ကျေးရွာပေါင်း ၂၅ ရွာ မှ အိမ်ထောင် စုစုပေါင်း ခြောက်ထောင်ကျော်အထိ လျှပ်စစ်မီးပေးနေကြောင်း သိရသည်။
အထက် နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။