သတင်း

ပူတာအိုတွင် ဓာတ်ဆီ တစ်လီတာ ၂၅၀၀ ကျပ်ဖြင့် အပြိုင်အဆိုင် ဝယ်ယူနေရ

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၀၀ စျေးရှိပြီး ယခင်ထက် စျေးကျလာသောကြောင့် အလုအယက် ဝယ်ယူနေသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ဆီကုန်သွားသဖြင့်ပိတ်လိုက်ရသော ဓါတ်ဆီဆိုင်ကြီးများအနက် အချို့မှာ ယနေ့ မတ်လ ၄ ရက်နေ့ စတင်ဖွင့်နေပြီး ၉၂ တစ်လီတာကို ကျပ် ၂၅၀၀ ဖြင့် အလုအယက် ပြေးဝယ်နေရသည်ဟု ပူတာအိုမြို့လေယာဉ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

”လူတွေကမနက်ကတည်းကနေတန်းစီပြီး အလုအယက်ဝယ်နေရတာ။ ကျနော်တောင် နာရီဝက် လောက်စောင့်လိုက်ရတယ်။ ဝယ်တဲ့လူကများလို့လေ အစဥ်လိုက်ပုံးတွေကိုတန်းစီပြီးဝယ်နေရတာ အလှည့်ကျော်လို့တောင်မရဘူး။ ဆီက ၉၂ တစ်မျိုးပဲရတယ် ၉၅ ကမရဘူး မရောက်သေးဘူးလို့ကြားတယ်။” ဟု ၎င်းကပြောသည်။

လတ်တလော ဓာတ်ဆီရောင်းချပေးနေသည့် တိုင်းကျော် ဆီပန့်ဆိုင်တွင်လည်း လူတစ်ဦးလျှင် ကျပ် ၇၀၀၀၀ ဖိုးအထိသာ ကန့်သတ်ရောင်းချပေးကြောင်းလည်းသိရသည်။

”တစ်ယောက်ကို ငါးသောင်း ခြောက်သောင်းဖို့ဝယ်နေကြတယ်။ ဒီနေ့လေး ဆွမ်ပီယန်မှာတိုက်ပွဲဖြစ်တယ်ကြတော့ လမ်းပြန်ပိတ်မှာ စိုးရိမ်ပြီး အလုအယက်ဝယ်နေကြတာ” ဟု လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် လတ်တလော ပူတာအိုတွင် ဒီဇယ်တစ်ဂါလံ ကျပ် ၁၃၀၀၀ စျေးနှုန်းအထိ ရှိကြောင်းလည်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ပူတာအိုတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ဆီပန့်ဆိုင်များ ပိတ်လိုက်ပြီးနောက်ပိုင်း အပြင်စျေးဆိုင်များ တစ်ပုလင်း ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိပေးဝယ်ခဲ့ရပြီး မြို့နဲ့အလှမ်းဝေးသည့် ကျေးရွာများတွင်တစ်ပုလင်း ကျပ် ၈၀၀၀ အထိစျေးမြင့်တက်ခဲ့ကြောင်းသိရသည်။

ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ အဆိုပါလမ်းကို KIA နှင့် PDF တို့က ယာယီပိတ်ထားခဲ့သည်။

ထို့နောက် မတ်လ ၂ နေ့တွင် လမ်းများပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ ယနေ့တွင် ဆီပန့်ဆိုင်အချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန်ကျေးရွာတွင် တိုက်ပွဲ ထပ်မံပြင်းထန်နေသောကြောင့် လမ်းများ ပြန်ပိတ်သွားမည်ကို ပူတာအိုဒေသခံများ စိုးရိမ်နေကြသည်။

Show More

Related Articles

Back to top button