သတင်း

ပူတာအိုတွင် ယနေ့ မွန်းလွဲပိုင်း ဓါတ်ဆီပန့်ဆိုင်များ ပြန်ပိတ်

ပူတာအိုမြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှစတင်ကာ စက်သုံးဆီရောင်းချပေးနေသော ဆီဆိုင်များ ပြန်ပိတ်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းအထိ လူတစ်ဦးလျှင် ဓာတ်ဆီ ၃ လီတာကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကန့်သတ်ရောင်းချပေးပြီးနောက် မွန်းလွဲပိုင်းမှစတင်ကာ ယခုလိုပိတ်လိုက်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆို သည်။

“မနေ့ကတော့ ကိုယ်လိုသလောက်ဝယ်လို့ရတယ်။ ကန့်သတ်ထားတာလည်းမရှိဘူး။ အားလုံးလည်း အလုအယက်လာဝယ်ကြ တယ်။ ဒီမနက်ကြတော့ တစ်ယောက် ကို ၃လီတာဘဲ ရောင်းပေးတော့တယ်။ အခုညနေပိုင်းဆို ဆီပြန်ပြတ်သွားလို့ ရောင်းပေးတဲ့ ဆီဆိုင်တောင် ပြန်ပိတ်လိုက်ပြီ” ဟု ပြောဆိုသည်။

ပူတာအိုမြို့တွင် တိုင်းကျော် ဆီဆိုင်တစ်ခုတည်းသာ ရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိလမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီကားများ ပူတာအိုမြို့သို့ မရောက်ရှိနိုင်သေးဘဲ ဆီ ထပ်မံပြတ်လပ်မှုဖြစ်ပွားနေသည်ဟု သူကဆက်ဆိုထားသည်။

ယမန်နေ့ ပူတာအိုမြို့တွင် ဓာတ်ဆီတစ်လီတာကို ကျပ်၂၅၀၀နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူများလည်း အလုအယက်ဝယ်ယူခဲ့ကြသည်ကို မြင်တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နောက်ပိုင်း ပူတာအိုမြို့ရှိ ဆီပန့်ဆိုင်များ ပိတ်လိုက်ရသဖြင့် တစ်ချို့အပြင်ဆိုင်များမှာ ဓါတ်ဆီ တစ်ပုလင်းတွင် ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိရောင်းချနေပြီး မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင် တစ်ပုလင်း ကျပ် ၈၀၀၀ အထိ စျေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ပူတာအိုဒေသတွင် ဖေဖော်ဝါရီလ ၁ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button