သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက် ဖြတ်တောက်ခံရသည့် မြို့ ၃၁ မြို့ထိရှိလာသည့်အပြင် စစ်ကောင်စီတပ်မှ အကြမ်းဖက်မှု ပိုမိုလုပ်ဆောင်လာ

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း ၃၁ မြို့ထိရှိလာကြောင်း ဒေသခံရင်းမြစ်များထံမှသိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီတပ်သည် ဖြတ်လေးဖြတ်တွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် ဆက်သွယ်ရေးလိုင်းများ ဖုန်းအင်တာနက်လိုင်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ဖြတ်တောက်လာခဲ့သည်။

“ကျနော်တို့မှာ အင်တာနက်မဖြတ်ခင်ကတည်းက ဖုန်းလိုင်းက သိပ်မကောင်းတော့ဘူး အဲဒါတွေမက ဒီလ ၃ ရက်နေ့ကစလို့ ဖုန်းအင်တာနက်လိုင်းအားလုံး သုံးမရတော့ဘူး။ စစ်တပ်ကသူတို့ရဲ့ စစ်ဆင်ရေးအတွက် ဖြတ်လေးဖြတ်ထဲက ဆက်သွယ်ရေးလိုင်းကို အရင်ဖြတ်တောက်နေတာ နောက်ကျရင်ဖုန်းလိုင်းပါ ထပ်ဖြတ်မယ့်အနေထားမှာရှိနေတယ်” ဟု ‌ကသာဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ ပင်လည်ဘူးမြို့နယ်၊ ကနီ၊ပုလဲ၊ ယင်းမာပင်၊ အရာတော်၊ ဝန်းသို၊ဘုတလင်၊ ကောလင်း အစရှိသည့်မြို့နယ်များအင်တာနက်ဖြတ်တောက်လိုက်ပြီး ဖြစ်သည်။

ယင်းကဲ့သို့ အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် နေ့စဉ်ဆိုသလို စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင် အနော်ရထာ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်မူများ ပိုမိုလုပ်ဆောင်လာသည့်အပြင် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့မူများ ပိုမိုလုပ်ဆောင်လာ‌ကြောင်း ဆက်လက်သိရသည်။

“ကျွန်တော်တို့ ကနီနယ်အတွင်းက အင်တာနက်ဖြတ်ပြီးနာက်မှာ နေအိမ်တွေမီးရှို့ခံရတာ တစ်ရာနီးပါးရှိသွားပြီ နောက်ပြီးတော့အရပ်သားပြည်သူသေဆုံးPDF တွေကျတာ ၁၂၂ ယောက်ရှိသွားပြီး နောက်ပြီး စစ်ကောင်စီတပ်ရဲ့ အဓမ္မပြုကျင့်ခံရတာလေးယောက်ရှိတယ် အဲ့ဒီထဲမှာ အသက်ဆယ့်လေးနှစ်သမီးတစ်ယောက်ပါတယ် အဲ့ဒါမျိုးဖြစ်စဉ်တွေရှိတယ် ကနီနယ်ထဲမှာ အင်တာနက်ဖြတ်ပြီးနောက်ပိုင်းဖြစ်လာတယ် ”ဟု ထီးချိုင့်PDF တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

ထို့ပြင် မတ်လ ၃ရက်နေ့မှစကာ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၃ မြို့နယ်အား ဖုန်းအင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်လိုက်သည်။

အဆိုပါ မြို့နယ်များမှာ ချောင်းဦး၊ ဆားလင်းကြီး၊ ‌မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ၀က်လက်၊ ရေဦး၊ မြင်းမူ၊ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန်ဆည်၊မင်းကင်း၊ ကလေး၀၊ တမူး၊ မော်လိုက်၊ အင်းတော်၊ ဟုမ္မလင်း၊ ကျွန်းလှ၊ ဖောင်ပြင်၊ ခတ္တီး၊ လဟယ်မြို့နယ်တို့ဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၅၂ မြို့နယ်ရှိသည့်အနက် လက်ရှိချိန်ထိ အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း ၃၁ မြို့နယ်ထိရှိလာပြီး လတ်တလောယင်းမြို့နယ်များတွင် ဖိုင်ဘာကြိုး ဖြင့် သွယ်တန်းအသုံးပြုရသည့် Wifi တစ်မျိုးတည်းသာအသုံးပြု၍ ရ‌နေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မူကြိုတင် မသိရှိရသည့်အပြင် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များလည်း သတင်းအမှောင်ဖုံးခံနေရကြောင်း ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

“မ‌နေ့က ထီးချိုင့်နယ်က သခွပ်ကြောင်ရွာကို မီးလာရှို့သွားတယ်။ အရင်အင်တာနက်လိုင်းမဖြတ်ခင်တုန်းကတော့ ဆိုးဆိုးရွားရွားမရှိခဲ့ဘူး။ လူနေအိမ်တွေအစုလိုက်မီးရှို့တာက မနေ့ကအများဆုံးပဲ အခုပြည်သူတွေရာနှင့်ချီပြီး ထွက်ပြေးတိမ်းရှာင်နေရတာတွေရှိပါတယ်” ဟု ထီးချိုင့်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ အင်တာနက်ဖြတ်တောက်ခံလိုက်ရသည့်အတွက် သတင်းစီးဆင်းမူ ကြန့်ကြာသည်သာမက စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများ ဖုံးကွယ်မူများလည်း များစွာရှိနေနိုင်ကြောင်း မြို့လှ PDF တစ်ဦးက‌လည်း ယခုလိုပြောသည်။

“အင်တာနက်ရတဲ့အချိန်မှာတောင် တစ်ချို့ကိစ္စတွေက သိဖို့ခက်တာ ပြည်သူတွေက ဘယ်လောက်နှိပ်စက်ခံရလဲ ပြောဖို့ကြောက်နေကြတာ။ ခုလိုအင်တာနက်ဖြတ်ခံလိုက်ရတော့ အခြေနေက ပိုဆိုးသွားနိုင်တယ်။ တစ်ချို့ဟာတွေဆို သိလိုက်ရမှာတောင် မဟုတ်ဘူး” ဟု မြို့လှ PDF တစ်ဦးကပြောသည်။

Data For Myanmar၏ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ မတ်လ ၁ရက်နေ့ထိ တစ်လတာအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး နေအိမ်မီးရှို့ခံရသည့် အိမ်ခြေပေါင်း ၆၁၅၈ အိမ်ရှိသည့်အနက် စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၃၆၈၉ အိမ်ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များအား အင်တာနက်ပေါ်တွင် သတင်းရာယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် သို့မဟုတ်အနှောင့်အယှက်ပေးသည့် အစီအမံများသည် နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေသောကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရှုတ်ချသည်သာမက နိုင်ငံအားလုံး ယင်းကဲ့သို့အစီအမံများအား ရှောင်ကြဉ်ကြရန်နှင့် ရပ်တန့်ကြရန် တိုက်တွန်းထားသည်။

သို့သော် စစ်ကောင်စီတပ်သည် ၎င်းတို့၏ စစ်ဆင်ရေးအတွက် ဆက်သွယ်ရေးလိုင်းများအား လက်နက်သဖွယ် အသုံးပြုနေမြဲ ဖြစ်သည်။

တိုင်းဒေသကြီးများအနက် နယ်မြေဧရိယာအကျယ်ဆုံးဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၃၆၅၃၄ မိုင်ရှိသော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ထိုးစစ်ဆင်မှု အကြီးအကျယ် ပြုလုပ်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button