သတင်း

ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး

ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး
March 7, 2022/Kachin News Group

ဆက်သွယ်ရေး ဖုန်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသော စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာလေးရွာတွင် မတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်သားများ အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြခတ်ကျေးရွာ၊ ပျံကျကျေးရွာ၊ ဘုရားထွက်ကျေးရွာနှင့် နှပဲလှကျေးရွာလေးရွာတွင် မတ်လ ၆ ရက်နေ့ ည ၁၂နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်အင်အားအလုံးအရင်းဖြင့်ရွာထဲဝင်ရောက်လာမှုကြောင့် ယင်းကျေးရွာလေးရွာမှ ပြည်သူသုံးထောင်ကျော် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က KNG သတင်းဌာနသို့ပြောသည်။

”အခုနောက်ပိုင်းစစ်ကောင်စီစစ်သားတွေက ညပိုင်းမှပဲရောက်ရောက်လာတယ်ဗျ ညတွင်းချင်းဆိုတော့ ပြည်သူတွေကအရမ်း ဒုက္ခရောက်နေကြတယ်” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် အင်တာနက်ဖြတ်လိုက်သည့်အတွက် သတင်းစီးဆင်းမှုကြန့်ကြာသွားသည့်အပြင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမူအခြေနေ ကြိုတင်သိရှိရန် ခက်ခဲလာ‌သည့်အတွက် ကျေးရွာနေပြည်သူများ ကြိုတင်ပြင်ဆင်မူတွက် ပိုခက်ခဲလာကြောင်း သိရသည်။

“အရင်ကဆိုရင် စစ်ကောင်တပ်သားသတင်းတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်းတန်းပြီး သတင်းပေးကြတယ်။ အခုက သတင်းအမှောင်ချထားတော့ ရွာထိပ်ရောက်လာမှ ဝုန်းဒိုင်းပြေးရတဲ့ဘဝ ဖြစ်နေတာ ဒုက္ခတွေအများကြီးရောက်နေကြပါတယ်။ အခုထွက်ပြေးတိမ်းရှောင်နရသူက သုံးထောင်ကျော်ရှိမယ်ဗျ” ဟု ဒေသခံနှင့် နီးစပ်သူများက ပြောသည်။

 

ယင်းကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာနီးစပ်ပြီး လတ်တလောတိမ်းရှောင်ပြည်သူ သုံးထောင်ကျော်အတွက် စားစရာနှင့် ဆေးဝါးများအကူအညီလိုအပ်ကြောင်း သိရသည်။

”လိုအပ်တာကတော့အများကြီးဗျ ညတွင်းချင်းထွက်ပြေးကြတာဆိုတော့ ဓာတ်ဆီကစျေးတက်နေတော့ ဆိုင်ကယ်နဲ့လည်းမပြေးနိုင်ကြဘူးလေ အခုက အစားအသောက်လိုတယ် သက်ကြီးရွယ်အိုတွေပါတော့ဆေးဝါးလိုတယ်” ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

လက်ရှိ အဆိုပါစစ်ကောင်စီတပ်သည် ကြခတ်ရွာနှင့်ပျံကြရွာတွင်း တပ်စွဲနေထိုင်နေသေးသည့်အတွက် ပြည်သူများ မိမိနေရပ်ပြန်ရင် ခက်ခဲနေဆဲဖြစ်သည်။

ဒီပဲယင်းမြို့နယ်ကို မတ်လ ၃ ရက်နေ့ ည ၁၁ နာရီအချိန်မှစတင်ကာ ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ခဲ့ပြီး ယင်းနောက်ပိုင်း၌ ဒီပဲယင်းနယ်အတွင်းထိုးစစ် ဆင်စစ်ရေးလုပ်ရှားမှုပိုမိုလုပ်ဆောင်လာနေကြောင်းလည်း သိရသည်။

အလားတူ မေလ ၅ ရက်နေ့တွင်လည်း ဒီပဲယင်းမြို့နယ်ရှိ ဝပါကျေးရွာမှလူနေအိမ်များကို စစ်ကောင်စီတပ်ကဒုတိယအကြိမ်လာရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ် အမြောက်အများမီးလောင်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

 

Show More

Related Articles

Back to top button