မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

နမ်ဆန်ယန်ကျေးရွာတစ်ခုလုံး ရွှေတူးဖော်လိုက်သဖြင့် သောက်သုံးရေအတွက် အခက်အခဲဖြစ်နေ

ဝိုင်းမော်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်လာသော နမ်ဆန်ယန်ကျေးရွာ နယ်မြေတစ်ခုလုံးတွင် ရွှေတူးဖော်လိုက်ခြင်းကြောင့် လက်ရှိတွင် သောက်သုံးရေ ပြတ်လပ်သည့် သဘာဝဘေးကို ကြုံတွေ့နေရကြောင်း ဒေသခံများ ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီနောက် နမ့်ဆန်ယန်ကျေးရွာအတွင်း လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခဲ့သောကြောင့် လက်ရှိ ရွှေလုပ်ကွက် ရေအိုင်နှင့် နီးသော နေအိမ်များတွင် သောက်သုံးရေ အရောင်ပြောင်းလာခြင်း နှင့် ခမ်းခြောက်လာခြင်းစသည့် ဘေးအန္တရယ်ကို ကြုံတွေ့နေရသည်ဟု နမ်ဆန်ယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“ဒီရွာမှာ ရွှေစတူးလိုက်တဲ့နောက်ပိုင်း ရေသုံးဖို့ ခက်လာတယ်လို့ပြောလို့ရမယ်။ သောက်သုံးနေတဲ့ ရေတွေ မကြည်တော့ဘူး။ နောက် ရေတွေ ခမ်းကုန်လာတယ်။ သိသိသာသာ ရွှေတူးလိုက်တဲ့နောက်ပိုင်း အရင်က မခမ်းတဲ့နေရာတွေမှာ ရေတွေ ခမ်းကုန်တယ်။ ရွာပတ်ပတ်လည် တွေမှာတူးလိုက်တော့ ရေရဖို့အတွက် အရမ်းဝေးတဲ့နေရာမှာသွား သယ်ယူရတယ်။ ရွှေတူးလိုက်တဲ့နေရာမှာကျန်ရှိတဲ့ ရေက သောက်သုံးလို့မရတော့ဘူး။ သောက်သုံးရေက တစ်ရွာလုံးခက်ခဲနေတဲ့ အနေအထားမှာ ဖြစ်နေတယ်” ဟု ပြောဆိုသည်။

ထို့ကြောင့် လက်ရှိဒေသခံများသည် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဖြစ်သလို အသုံးပြုနေရပြီး၊ သောက်သုံးရန်အတွက် ကျေးရွာအပြင်ဘက် ရွှေလုပ်ကွက်နှင့် ၁ မိုင်ခန့်ဝေးသည့် နေရာမှ ဆိုင်ကယ်၊ သုံးဘီး အသုံးပြုကာ သွားရောက်သယ်ယူ အသုံးပြုနေရကြောင်း ပြောသည်။

သောက်သုံး ရေကို အဝေးသို့ သွားရောက် သယ်ယူနိုင်ခြင်းမရှိသည့် ပြည်သူများမှာ ရွာအတွင်း အဝီစိ ရေတွင်း ၄ခု ရှိရာမှ ဦးသူ စနစ်ဖြင့် တန်းစီကာ ရေခပ်ယူနေရကြောင်းလည်း ဆက်လက် သိရသည်။

ယခုလို နမ်ဆန်ကျေးရွာတွင် သောက်သုံးရေ ခက်ခဲလာမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းသည် ဒေသအတွင်း အာဏာရထားသူများ၏ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ယူမှု ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု နောက်ထပ် နမ်ဆန်ယန်ဒေသခံတစ်ဦး က ပြောဆို သည်။

“အမှန်တိုင်းပြောရရင် ဒီနေရာက အရင်ကတည်းကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လုံးဝ ကာကွယ်မှုတွေ မလုပ်လိုက်လို့ ယခုလိုကြုံတွေ့နေရတာဖြစ်တယ်။ အခုဆို ကျနော်တို့ ရွာထဲမှာသာ နေနေရတာ အဆင်မပြေတော့ဘူး။ ပြောရမယ်ဆိုရင် ကိုယ့်မြေနေရာမှာ ရွှေတူးတာတွေမလုပ်ချင်ပေမယ့် အနီးတဝိုက်တွေမှာ လုပ်နေပြီဆိုရင် မတူးလို့မရတော့။ ချန်ထားလို့လဲမရတော့။ မရောင်းစားချင်လည်း ရောင်းစားလိုက်ရတဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ဒီလို ရေခက်ခဲမှုတွေကြုံတွေ့နေရတာဖြစ်တယ်” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နမ်ဆန်ယန်ကျေးရွာတစ်ခုလုံးတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုကို လုပ်ငန်းရှင်များက ပြုလုပ်လာကြသည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၎င်း၏ နယ်မြေအတွင်း ရွှေတူးဖော်မှုများကို ရပ်ဆိုင်းရန် အမိန့်ညွန်ကြားစာ ထုတ်ခဲ့ပြီးနောက် နမ်ဆန်ယန်တွင် ရွှေတူးဖော်မှု ရပ်တန့်သွားသည်ဟု သိရသည်။

နမ်ဆန်ယန်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာမြို့နှင့် အလွန်နီးကပ်သော ကျေးရွာတစ်ခု ဖြစ်ပြီး ထိုနေရာအနီးတွင် စစ်ကောင်စီကလည်း တပ်ချထားသည်။

၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံများအားလုံး စစ်ရှောင်စခန်းများတွင် ခိုလှုံခဲ့ရာမှာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တပ်ဦးဆောင်မှုဖြင့် စစ်ရှောင်အိမ်ထောင်စု ရာချီ နေရပ်ပြန်လာကြပြီး နှစ်ဖက် ပစ်ခတ်မှု မရှိအောင် ထိန်းသိမ်းကာ ပြန်လည်ထူထောင်နေသော ကျေးရွာတစ်ခု ဖြစ်သည်။

နမ်ဆန်ယန်ကျေးရွာအနီးတစ်ဝိုက်တွင် ယခင်ခေတ်အဆက်ဆက်က ရွှေတူးဖော်မှု အနည်းအကျဉ်းရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာအတွင်းပိုင်းထိ စက်ယန္တရားများဖြင့် ရွှေတူးဖော်ခဲ့သော ကျေးရွာဖြစ်ပါသည်။

Show More

Related Articles

Back to top button