သတင်း

KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို

ဖားကန့်မြို့နယ်တွင် စစ်တပ်၏ ကျောထောက်နောက်ခံ အကျိုးတူ စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ရန် ဖေဖော်ဝါရီလကုန်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတိပေးတားမြစ်တားမြစ်ချက်သည် ထိရောက်မှုရှိကြောင်း ဖားကန့်ဒေသခံများ ပြောဆိုချက်မှ သိရသည်။

KIO ၏ တားမြစ်ချက် ထုတ်ပြန်သတိပေးလိုက်သည့်နောက်ပိုင်း ဖားကန့်ဒေသတွင် ရောင်းဝယ်ဖောက်ကား မှုများ လျော့နည်းသွားသည်ကို မြင်တွေ့ရသည့် ဖားကန့်မြို့ပေါ် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“ဖားကန့်မှာရှိတဲ့ စျေးဆိုင်တော်တော်များများက လိုက်နာမှုရှိတယ်လို့ပြောလို့ရတယ်။ KIO က ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ နောက်ပိုင်း စစ်တပ်ထုတ်ကုန် အရက်ဘီယာတွေ သိပ်မတွေ့ရတော့ဘူး။ ဒါပေမယ့် တစ်ချို့က သတိပေးတာတွေ မတိုင်မှီ အများအပြားဝယ်ထားတဲ့သူတွေက အနည်းအကျဉ်း ရောင်းချပေးနေတာတော့ကြားတယ်။ ပေါ်ပေါ်ထင်ထင် ရောင်းတာတွေတော့ သိပ်မတွေ့ရတော့ဘူး။ တစ်ချို့နေရာတွေမှာတော့ သိပ်ရောင်းချနေသေးတယ်လို့တော့ကြားရတယ်” ဟု ပြောဆိုသည်။

၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ဖားကန့်တွင် Myanmar Beer ၊ Dagon Beer ၊ Andaman Beer ၊ Rum ၊ Mandalay Beer ၊ Black Shied နှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သုံးစွဲခြင်းမပြုရန်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

KIO ဘက်က စျေးကွက်အတွင်း လိုက်လံအရေးယူမှုများ ပြုလုပ်ခြင်းမရှိသေးသော်လည်း ဖားကန့်ဒေသခံ ပြည်သူများအနေဖြင့် KIO ၏ လုပ်ရပ်အပေါ် ထောက်ခံမှုများလည်းရှိနေကြောင်း သူကဆက်ဆိုသည်။

“အခုဆို လိုချင်လို့ ဆိုင်ကြီး ဆိုင်သေးတွေမှာ လိုက်ဝယ်ရင်တောင်မရတော့ဘူး။ တားမြစ်တဲ့ထဲ မပါတဲ့ ဘီယာတွေဘဲ ရနိုင်တော့ တယ်။ သိရသလောက်က မြို့ကြီးဘက်ကနေ လုံးဝမဝင်တော့တာ ထင်တယ်။ ပြောရမယ်ဆိုရင် KIO ရဲ့ လုပ်ဆောင်ချက်က ထိရောက်တယ်လို့ပြောလို့ရမယ်။ ပြီးရင် ပြည်သူတွေက ယခုလုပ်ချက်အပေါ် ထောက်ခံကြတယ်လေ”ဟု ပြောဆိုသည်။

သို့သော် မြို့ပေါ်တစ်ချို့နှင့် ကျေးရွာတစ်ချို့မှာ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသေးသည့်အတွက် တာဝန်ရှိသည့် KIO အနေဖြင့် လိုက်လံ အရေးယူမှုများ ပြုလုပ်ပေးစေလိုသည်ဟု ဒေသခံတချို့ KNG သတင်းဌာနကို ပြောဆိုမှုများရှိပါသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့်အနေဖြင့် ဖားကန့်ဒေသသာမက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့မှာလည်း စစ်တပ်နှင့် သက်ဆိုင်သော ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ရန် KIO ကတရားဝင် လိုက်လံအရေးယူသည့် လုပ်ဆောင်ချက်များလည်း ရှိနေသည်။

Show More

Related Articles

Back to top button