လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကလေး နတ်ချောင်း စာသင်ကျောင်းနှင့် လူနေအိမ် ၁၀၀ ဝန်းကျင်ခန့် ထပ်မံ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာမှ ပညာဗမ္မာန် ကိုယ်ပိုင် အထက်တန်းကျောင်း အပါအဝင် လူနေအိမ် ၁၀၀ နီးပါးခန့်ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းမြစ်များထံမှ သိရသည်။

“မနေ့က လာရှို့တာ မီးငြိမ်းဖို့သွားတဲ့သူတွေကိုလည်း စစ်သားတွေက လှမ်းပစ်လို့ တစ်ချို့အိမ်တွေဆို လောင်နေတာမြင်ရက်နဲ့ ဘာမှမလုပ်နိုင်ခဲ့ကြဘူးလို့ သိရတယ်” ဟု ဒေသရင်းမြစ်တစ်ဦးက ပြောသည်။

နတ်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ယခုလအထိ စစ်ကောင်စီတပ်များ ၇ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ပြီး လူနေအိမ်စုစုပေါင်း ၁၅၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အချို့မှာ လွတ်မြောက်သွားခဲ့သည်။

လူနေအိမ်များ မီးရှို့ပျက်စီးသွားတဲ့ မြင်ကွင်း

ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်သူအချို့ ပြန်လည်နေထိုင်လာခဲ့ကြသော်လည်း ဖေဖော်ဝါရီလ ၂ရက်နေ့ စစ်ကောင်စီတပ်များ အလုံးအရင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့အပြင် ဧပြီလ ၁၀ ရက်နေ့မှစကာ ဒေသကာကွယ်ပူး‌ပေါင်းရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၃၅ ဦးခန့်ရှိကြောင်းလည်း ကလေး PDF မှ ထုတ်ပြန်ထားသည်။

“ဒီရက်ပိုင်းက တိုက်ပွဲဆက်ဖြစ်နေသေးလို့ လောလောဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ကလေး-ဂန့်ဂေါ လမ်းပိုင်းမသွားလာကြဖို့ ပြောထားတယ်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေလိုက်နာစေချင်တယ်လို့” ဟု ဒေသ ရင်းမြစ်တစ်ဦး ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိ စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်ဧရိယာမှလွှဲ၍ အခြားနေရာများကို ထိန်းချုပ်နိုင်ခြင်းမရှိတော့အတွက် မြို့ပေါ်ရပ်ကွက်ဧရိယာများတွင် ယခုရက်ပိုင်း လူသွား၊ လူလာများနှင့် ဆိုင်ကယ်များကို စစ်ဆေးမှု ပိုမိုတိုးမြှင်လာကြောင်း သိရသည်။

နတ်ချောင်းကျေးရွာသည် အိမ်ခြေနှစ်‌ထောင်နီးပါးရှိပြီး ကလေးမြို့၏တောင်ဘက် ၁၅ မိုင်အကွာခန့်တွင် တည်ရှိသည်။

စစ်ကိုင်းတိုင်းတွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွားဖြစ်ပွားလျှက်ရှိနေဆဲ ဖြစ်သည်။

Data for Myanmar၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁ရက်နေ့မှ မတ်လ ၃၁ရက်နေ့ထိ တစ်နိုင်ငံလုံး မီးရှို့ခံရသည့်နေအိမ်ပေါင်း ၇၉၇၃ အိမ်ထိရှိရာ စစ်ကိုင်းတိုင်းသည် အိမ်ခြေ ၄၉၅၄ အိမ်ပါဝင်သည်။

Show More

Related Articles

Back to top button