သတင်း

မြန်မာ ကုန်ကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် ပြန်ရနေ

မိုးမောက်မြို့နယ် ကချင် တရုတ်နယ်စပ် လွယ်ဂျယ်-လိုင်းရင်း ကုန်သွယ်ရေးလမ်းကြောင်းတွင် ကိုဗစ်-၁၉ ကြောင့် မြန်မာကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် တရုတ်အစိုးရဘက်က ပိတ်ပင်ထားခဲ့ရာ ဧပြီလ ၃ ရက်နေ့ ပြန်လည် ဝင်ရောက်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

”ဆယ်ရက်လောက်ရှိပြီဗျ သွားနေတာက အခု မြန်မာကားသမားတွေကို တရုတ်ပြည်ထိဝင်ခိုင်းပြီ တရုတ်ပြည်ထိ မောင်းဝင်တဲ့စနစ်နဲ့ဝင်ခိုင်းပြီး” ဟု ဗန်းမော်ခရိုင် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တစ်သျှူး ငှက်ပျော၊ ပြောင်း ဆန်၊ကြံ များတင်ပို့သည့်သီးနှံကားသမားများသည် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း နောက်ပိုင်းမှစကာ တရုတ်နိုင်ငံထိ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခံခဲ့ရသည်။

ယခုကဲ့သို့ ကားသမားများဝင်ခွင့် မရခြင်းသည် ကုန်သွယ်ရေးနှောက်နှေးမှု ဖြစ်စေသည့်အပြင် ကုန်ကားသမား များအတွက် အခက်အခဲဖြစ်စေသောကြောင့် တရုတ်-မြန်မာနှစ်ဘက် တာဝန်ရှိသူများ ဆွေးနွေးမှုအရ တရုတ်ပြည်တွင်းသို့ ဧပြီလမှစကာ ကားသမားများ ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော် တရုတ်ပြည်ထိ ဝင်ရောက်မောင်းနှင်ခွင့်ရသည့် ကုန်ကားသမားများသည် လွယ်ဂျယ်ဂိတ် ကျောက်စခန်းတွင် သီးသန့်ထားရှိကာ အကြိမ်အကြိမ် ကိုဗစ်စစ်ဆေးမှုပြုလုပ်ထားသူများကိုသာ ဝင်ခွင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

”သီးနှံတွေကို စိုက်ခင်းကနေ ဂိတ်ထိ သယ်လာတဲ့ကားသမားတွေက သီးသန့်ပါ။ ဒီလွယ်ဂျယ်ကျောက်စခန်းဂိတ်ကို ရောက်လာတဲ့သီးနှံတွေကိုမှ ဒီကျောက်စခန်းမှာ သီးသန့်ထားတဲ့ အကြိမ်ကြိမ်ကိုဗစ်စစ်ဆေးပြီးသား ကားသမားတွေက တရုတ်ပြည်ထိဝင်မောင်းပေးတာ၊ဝင်ခွင့်ရတာပါ လာရင်းဂိတ်အထိဝင်ခွင့်ပေးတယ်”ဟု အသင်းတာဝန်ရှိသူက ဆက်ပြောသည်။

ကိုဗစ်ပထမလိုင်းနောက်ပိုင်းမှစတင်၍ ဧပြီလမတိုင်မှီအထိ လွယ်ဂျယ်ဂိတ်အလွန် မြန်မာ-တရုတ်နယ်စပ် ဂိတ်ပေါက်တွင် ကရိန်းဖြင့် သယ်ယူကာပစ္စည်းလှဲလှယ်သည့် စနစ်နဲ့ ကားသမားများ လှဲလှယ်သည့်စနစ်ဖြင့် ကုန်သွယ်ခဲ့သည်။

သို့သော် အဆိုပါစနစ်သည် အချိန်ကြန့်ကြာပြီး ကုန်သွယ်မှုနှောက်နှေးစေသည့်အပြင် ကားသမားများအတွက်လည်း အခက်အခဲဖြစ်ကြောင်း ကုန်ကားသမားတစ်ဦးက KNG သို့ပြောသည်။

”အခက်အခဲကတော့ရှိတယ် တရုတ်ကားသမားတွေမောင်းတော့ ကားတွေပျက်တယ်။ ကိုယ့်ဟာကိုယ် မမောင်းရတဲ့အခါ ကားပျက်ရင်လည်း တာဝန်ယူမှုတာဝန်ခံမှုလည်း မရှိဘူးလေး ဒုက္ခဖြစ်တယ်” ဟု တစ်သျှူး ငှက်ပျောကားမောင်းသည့် ကုန်ကားသမားတစ်ဦးက ပြောသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ဇူလိုင်လတွင်တစ်ကြိမ်၊ ၂၀၂၂ မတ်လ ကနောက်ဆုံးတစ်ကြိမ်ပိတ်ခဲ့ပြီး ရောဂါအခြေအနေပေါ်မူတည်ကာ ဖွင့်ပိတ် ပုံမှန်ရှိနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button