ဖားကန့်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း သေနတ်ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် အမျိုးသားတစ်ဦး ဧပြီလ ၁၁ရက်နေ့ ည ၈နာရီဝန်းကျင်အတွင်း နေအိမ်အတွင်းရှိနေစဉ် သေနတ်ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။
ပစ်သတ်ခံရသောသူသည် ဦးမောင်ဦး(ခ)ET မောင်ဦး ဆိုသူဖြစ်ပြီး အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ဖားကန့်မြို့ခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။
“မနေ့ည ၈နာရီလောက်မှာ အိမ်ထဲမှာရှိနေတဲ့အခါ သေနတ်နဲ့ ဝင်ပစ်သွားတာ။ သေနတ် ဒဏ်ရာ ၄ချက်လောက်ထိမှန်သွားတယ်လို့ သိရတယ်။ သူက အရင်ပစ်သတ်ခံရတဲ့ဆန်းကြွယ်အုပ်ချုပ်ရေးမှူး အိမ်နားမှာနေတာ”ဟု ဖြစ်စဉ် သိသူအမျိုးသား တစ်ဦးက ပြောသည်။
ယခုပစ်သတ်ခံရသည့် ဦးမောင်ဦးသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလက ပစ်သတ်ခံရသည့် ဆန်းကြွယ်အုပ်ချုပ်ရေးမှူး၏ အိမ်နီးချင်း နေထိုင်သူဖြစ်ကြောင်းသိရသည်။
ဦးမောင်ဦးပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး သေဆုံးသွားသည့် ဦးမောင်ဦးအကြောင်း သိသူတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။
“သူက ဒလန်တွေ ဘာတွေပုံစံမျိုးပဲထင်ကြတယ်။ ကျန်တဲ့ကိစ္စနဲ့တော့အသတ် မခံရလောက်ဘူး။ ပြီးတော့ ဦးမောင်ဦးက သူ့သားလည်း ဒုရဲအုပ်တစ်ယောက်ရှိတယ်။ အဲ့ကြောင့်မို့လို့သတ်ခံရတာလား”ဟု ပြောဆိုသည်။
ဖားကန့်မြို့နယ်သည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကချင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်များသတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ဧပြီ ၄ ရက်နေ့တွင်လည်း နမ့်မှော်ကျေးရွာမှ ဦးထွန်းထွန်း သေနတ်ပစ်သတ်ခံခဲ့ရသည်။