မော်ဟန်တွင် လေပြင်းတိုက်ခတ်ခံရပြီးနောက် အချိန်ပိုင်းဖြင့်သာ မီး ရရှိ
မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် အချိန်ပိုင်းဖြင့်သာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။
မော်ဟန်ကျေးရွာတွင် ဧပြီလ ၁၆ ရက်နေ့က လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ဓာတ်တိုင် ကျိုးကျခြင်း၊ ဓာတ်ကြိုးပြတ်တောက်ခြင်း ဖြစ်ပွားခဲ့သောကြောင့် ၄ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ ညမှသာ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပြန်ရရှိကြောင်း မော်ဟန်ကျေးရွာနေအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။
“လေက နန့်စီးအောင်ဘက်ကနေ တိုက်ခဲ့တာ အဲ့နန့်စီးအောင်နဲ့မော်ဟန်ကြားမှာ လေတိုက်တော့ သစ်ကိုင်းတွေကျ ဓာတ်တိုင်တွေကျိုး မီးကြိုးတွေပြတ်ဖြစ်သွားတာ လေးရက်တော့မီးလုံးဝမလာဘူး။ မနေ့ညကနေတော့ ညဆိုမီးလာတယ်။ အချိန်ပြည့်မရသေးဘူး” ဟုယင်းအမျိုးသားက ပြောသည်။
လတ်တလော မောဟန်ကျေးရွာနေ ပြည်သူများက လျှပ်မီးပြတ်တောက်သည့် ပြသာနာကိုဖြေရှင်းရန် တစ်အိမ် ၂၀၀ ကျပ်နှုန်း ကောက်ခံကာ မီးစက်ဖြင့်လျှပ်စစ်မီးသုံးရန် စီစဉ်နေကြောင်းလည်း သိရသည်။
“မီးက ညကတော့လာတယ် ခုမနက်မလာပြန်ဘူးဗျ အခုဆီဖိုးတစ်ယောက်ကို ၂၀၀ ဆီကောက်နေတာ အခုလောလောဆယ်မီးမလာလို့ ဆီလေးဝယ်ပြီးမီးစက်နဲ့မောင်းမှာပေါ့ဗျ” ဟုမော်ဒေခံတစ်ဦးကပြောဆိုသည်။
မော်ဟန်ကျေးရွာကို နိုင်ငံတော် မဟာဓာတ်အားလိုင်းဖြင့် နန်မားရုံးခွဲမှ လျှပ်စစ် မီးပေးလျှက်ရှိပြီး ယနေ့ နံနက်ပိုင်းမှစ၍ လျှပ်စစ်မီးကြိုးနှင့်ဓာတ်တိုင် များအစား ထိုးတပ်ဆင်ခြင်းများဆောင်ရွက်နေကြောင်း ဒေသခံ များကဆိုသည်။
စစ်ကောင်စီသည် မော်ဟန်ကျေးရွာကို လျှပ်စစ်မီတာခမပေးဆောင်သောကြောင့်ဟုဆိုကာ ၂၀၂၁ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်မတ်လ အထိ ခြောက်လကျော်ကြာလျှပ်စစ်မီးလျှပ်တောက်ခဲ့ပြီး ကျေးရွာနေပြည်သူများက မီတာခပေးမည်ဟု သဘောတူညှိနှိုင်းရာမှလျှပ်စစ်မီးပြန်လည်းရရှိခဲ့ခြင်းဖြစ်သည်။