လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာတွင် လူနေအိမ် ၈၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ ညောင်လှရွာနှင့် မဲအိုး ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မဲအိုးရွာမှ လူနေအိမ် ၁၇ လုံးနှင့် ညောင်လှရွာမှ လူနေအိမ် ၆၄လုံး မီးရှို့ခဲ့သည့်အပြင် အပြစ်မဲ့ ပြည်သူ ၄ ဦး ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက KNG သို့ ပြောသည်။

“အရင်ဆုံး မဲအိုးရွာက အိမ်ခြေ ၁၇ လုံးကို စမီးရှို့တယ်ဗျ။ အဲ့မီးရှို့ပြီး ၁၉ ရက်နေ့မနက်မှာ မဲအိုးရွာကိုဝင်တယ် အဲ့ဒီရွာက အဖွားအိုနှစ်ဦးကို သတ်ပစ်ခဲ့တယ်ဗျ။ အဲ့ကနေထွက်သွားတာ ညောင်လှရွာကိုတော့ ည ၇နာရီ လောက်မှာ ရောက်ပြီး မီးထပ်ရှို့တယ်”ဟု PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညောင်လှ ကျေးရွာမှ လူနေအိမ် ၆၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင်ကျေးရွာတွင်းမှ အသက် ၂၀ ကျော်အရွယ် လူငယ်၁ ဦးကိုလည်း လက်နောက်ပြန်ကြိုးသုတ်၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာမှ မီးဘေးသင့်ပြည်သူ ၁၀၀၀ နီးပါးနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေသူ ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။

“လောလောဆယ် ဒုက္ခသည်က ငါးထောင်လောက်ရှိတယ်ဗျ။ အဲ့နားက ရွာတွေကရွာ ကြီးတွေပဲမို့လူဦးရေများတယ် တချို့ကတော့တချို့က အိမ်ကို ပြန်ကပ်ကြပြီ တချို့တော့ ပြန်မကပ်နိုင်သေးဘူး” ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်နေသည့်အပြင် စစ်ကောင်စီတပ်မှ ကျေးရွာနေ ပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလ ၁၃ရက်နေ့ထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၅,၆၁၇ အိမ် မီးရှို့ခံရပြီးဖြစ်ကြောင်း Data For Myanmar မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မီးရှို့ခံရသည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စစ်ဘေးရှောင်၊ မီးဘေးရှောင်ပြည်သူများ တစ်ရက်ထက် တစ်ရက်ပိုမိုတိုးလာလျှက်ရှိသော်လည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသအချို့ရှိ မြို့နယ်အများစုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် အချက်အလက် အသေး စိတ် ရယူနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစကာ အာဏာသိမ်းလိုက်ပြီးသည့်နောက် ဧပြီလ ၁၈ ရက်နေ့ထိ စစ်ဘေးဒုက္ခသည်အသစ် တစ်နိုင်ငံလုံးတွင် ၅၆‌၆,၁၀၀ ထပ်တိုးလာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) မှ ဧပြီလ ၁၉ ရက်ထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတွင် နဂိုရှိရင်းစွဲ ဒုက္ခသည် ၃၄၆,၆၀၀ ရှိရာမှ အသစ်ထပ်မံတိုးလာသည့် ဒုက္ခသည် ၅၆၆,၁၀၀ ရှိလာသည့်အတွက် နိုင်ငံတစ်ဝန်း ဒုက္ခသည်အရေအတွက် ၉၁၂,၇၀၀ အထိရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button