သတင်း

KIO တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေရှိ စာသင်ကျောင်းများတွင် ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ စတင် စစ်ဆေးနေပြီ ဖြစ်သည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ၂၈ ရက်နေ့အထိ ပြုလုပ်မည့် စာမေးပွဲတွင် ကျောင်းသူ ၊ ကျောင်းသား စုစုပေါင်း ၂၁၉၂ ယောက်ထိ ဖြေဆိုနေပြီး ယခင် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စားမေးပွဲဖြေဆိုသည့် ကျောင်းသူ ၊ ကျောင်းသား လူဦးရေ ၈၀၀ ခန့်သာ ရှိခဲ့သည်ဟု သိရသည်။

“ကျောင်းသားဦးရေကတော့ မနှစ်ကထက် ဒီနှစ် အများကြီး တိုးလာတယ်။ မနှစ်က ကျောင်းသား ရာဂဏန်းပဲ ရှိတာ အများဆုံး ၈၀၀ လောက်ပေါ့။ ဒီနှစ်တော့ ၂၁၉၂ ယောက်တောင် ဖြေကြတယ်။ နိုင်ငံရေးမကောင်း တာကြောင့် အနယ်နယ်အရပ်ရပ်ကနေပြီး ဒီမှာလာပြီး ကျောင်းလာတတ်ကြတယ်။ ဆယ်တန်းပြီးရင် ကိုယ်တတ်ချင်တဲ့ ကျောင်းတတ်ဖို့ ကျနော်တို့ KIO ကနေပြီး ဖွင့်ထားပါတယ်။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။” ဟု KIO ဗဟိုပညာရေးဌာနမှ ဆရာနော်ထွယ်က KNG ကချင်သတင်းဌာနကိုပြောသည်။

စာမေးပွဲပြုလုပ်နေသော ကျောင်းများမှာ လိုင်ဇာမြို့ ၊ အလမ့်ဘွမ်အထက်တန်းကျောင်း ၊ မိုင်ဂျာယန် အထက်တန်းကျောင်း၊ အင်ဘာပါကျောင်း၊ မုန်မစ်ဆင်လီကျောင်း၊ အင်ဂွမ်းလကျောင်း၊ ကျိန်ထောင်ပါကျောင်း၊ မုန်ဘော်ကျောင်း နှင့် လော့ဒ်အောင်ကျောင်း တို့ဖြစ်သည်။

ဖြေဆိုထားသည့် အဖြေလွှာများကို ၂၀၂၂ ခုနှစ် မေလ တစ်လလုံး စစ်ဆေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် အောင်စာရင်းများ ကြေညာသွားမည်ဖြစ်သည်။

“ကျောင်းတွေအားလုံးက စာမေးပွဲစစ်ပြီးတာနဲ့ အဖြေစာရွက်တွေကို ဒီကို အကုန်စုယူလာပြီး မေလ တစ်လလုံး စားမေးပွဲ အဖြေစာရွက်တွေကို စစ်သွားမယ်။ နောက်ပြီး ဇွန်လဆန်းပိုင်းမှာ အောင်စာရင်းကို ကြေညာမှာ ဖြစ်တယ်။ နောက်ထပ် အထက်တန်း ကျောင်းသားအသစ်တွေကိုလည်း မေလမှာ ပြန်လက်ခံပြီး ဇွန်လမှာ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်တော့မယ်။” ဟု ၎င်းက ဆက်ဆိုထားသည်။

KIO ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ယခင်က စာသင်ကျောင်းများ ပိတ်ပင်ထားရာမှ ယခုနှစ် ဇန်နဝါလမှစပြီး ၁၀ တန်းဖြေဆိုမည့် ကျောင်းသူ ၊ ကျောင်းသားများကို Camp အနေဖြင့် ၄ လကြာ တစ်နေရာထဲ ထားကာ သင်ကြားရမယ့် သင်ရိုးများကို အပြတ်သင်ကြားပြီးမှသာ စာမေးပွဲ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button