သတင်း

စစ်ရေးအခြေအနေကြောင့် မြောင် ပညာရေးကျောင်းများကို ခေတ္တပိတ်ထား

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွန်ချက်ဖြင့် ဖွင့်လှစ်ထားသည့် အခြေခံပညာစာသင်ကျောင်းများကို စစ်ရေးအခြေအနေကြောင့် ခေတ္တပိတ်ထားလိုက်ကြောင်း မြောင်ပညာရေးကွန်ယက်မှ သိရသည်။

မြောင်မြို့နယ်တွင် NUG လမ်းညွန်မှုဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းပေါင်း ၂၆ ကျောင်းရှိပြီး ယခုရက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် စာသင်ကျောင်းများကို ခေတ္တပိတ်ထားလိုက်ကြောင်း မြောင်ပညာရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အခုလောလောဆယ် နယ်မြေ မအေးချမ်းသေးတော့လည်း စစ်ကြောင်းထိုးတာတွေ ရှိတော့ခန နားထားတယ်ရှင့်။ ကျောင်းတွေကိုလည်းကြိုပြီးတော့ကြေငြာထားတယ်။ တနလ်ာနေ့ကစပိတ်ထားတယ်။ ကျောင်းသားတွေရဲ့ ကျောင်းလုံခြုံရေးအရ ပိတ်ထားတယ်ရှင်”ဟု တာဝန်ရှိသူက ပြောသည်။

မြောင်မြို့နယ်တွင် မတ် ၂ ရက်နေ့ က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ ၃၈ ဖွဲ့တို့က စစ်ကြောင်းသုံးကြောင်းခွဲ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်က ၃၀ ကျော်သေဆုံးပြီး အထိနာခဲ့သည်။

ထို့ကြောင့်လတ်တလော ပိတ်ထားသည့်ယင်း စာသင်ကျောင်းများကို နယ်မြေအေးချမ်းလာသည့်အခါမှ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ပြီး အသစ်ထပ်တိုးဖွင့်လှစ်မည့် စာသင်ကျောင်းများလည်း ရှိကြောင်း သိရသည်။

“အခုတစ်ရက် နှစ်ရက်တော့ အခြေအနေပြန်ကောင်းရင် ပြန်ပြီးတော့ဖွင့်ကြမှာ။ စာရင်းတွေပေးထားတာလည်း ရှိတယ် ဆက်ပြီးတော့ ဖွင့်မယ်။ ကျောင်းသုံးကျောင်းတော့ရှိတယ်ရှင့်အလယ်တန်းအထိဖွင့်မယ့်ကျောင်းတွေပါ”မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

မြောင်ပညာရေးကွန်ရက်သည် မြောင်မြို့နယ်အတွင်း NGU လမ်းညွန်မှုဖြင့် မြေပြင်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မြောင်မြို့နယ်တွင် ကျေးရွာပေါင်း ၈၆ ကျောင်းရှိသည့်အနက် ကျေးရွာပေါင်း ၂၅ ရွာအတွက် စာသင်ကျောင်း ၂၅ ကျောင်း ဖွင့်လှစ်ထားပြီဖြစ်ပြီး ကျောင်းသားကျောင်းသူ ၄၀၀၀ ကျော်ကိုအနီးကပ် သင်ကြားပေးနေကြောင်း သိရသည်။

Show More

Related Articles

Back to top button