သတင်း

ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်း လွှတ်မြောက်

တစ်နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းသည် မြစ်ကြီးနားအကျဉ်းထောင်မှ မေလ ၁ ရက်နေ့တွင် လွတ်‌မြောက်လာပြီဖြစ်‌ကြောင်း သိရသည်။

“သူ့ကိူချုပ်‌‌နှောင်ထားတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ ပြစ်ဒဏ်စေ့လို့ လွတ်တဲ့သဘောပါဘဲ ခင်ဗျာ မေလ ၁ရက်နေ့လွှတ်လာပါပြီ” ဟု ကချင်ပြည်နယ် NLD ပါတီ၏ ပြည်နယ်အလုပ်အမူဆောင်က ပြောသည်။

လွှတ်မြောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စား‌ဟောင်းဦးမြသိန်းသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD ပါတီရုံးတွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၂၅ နှင့် ထောင်ဒဏ်တစ်နှစ်၊ ကွန်ပျူတာကိုင်ဆောင်မှုနှင့် ထောင်ဒဏ် သုံးလချမှတ် ၂၀၂၁ ဒီဇင်ဘာလတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးမြသိန်းသည် ကချင်ပြည်နယ်ရွှေကူမြို့နယ်မှ ရွေးကောက်ခံ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ထို့ပြင် ဦးမြသိန်းသည် ရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီးနောက် ကချင်ပြည်နယ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ဆည်ဝန်ကြီးအဖြစ် ၃နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ၂၀၁၈ခုနှစ် ပြည်နယ်အစိုးရ အပြောင်းအလဲတွင် ရပ်နားခဲ့သည်။

လက်ရှိ ကချင်ပြည်နယ် NLD ပါတီမှ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး ၆ ဦး ပါတီမှ တာဝန်ရှိခေါင်းဆောင်ပိုင်း ၂၂ ဦးအား စစ်ကောင်စီတပ်သည် ထိန်းသိမ်းထားဆဲဖြစ်သည်။

“ဖေဖော်ဝါရီလ ၁ရက် ဖမ်းဆီးခံရတာ NLD ပါတီက မြို့နယ်အားလုံးနီးပါးဘဲ ဒါပေမယ့် တစ်ချို့ကျတော့ ပြန်လွတ်ပေးခဲ့တာတွေရှိတယ် ခုနောက်ဆုံး အကျဉ်းကျခံနေ‌သေးတာတော့ ကျနော်တို့ဆီက စာရင်းအရဆိုရင် ၂၂ ယောက်ကျန်နေသေးတယ်” ဟု ကချင်ပြည်နယ် NLD ပါတီ၏ ပြည်နယ်အလုပ်အမှုဆောင် က ပြောသည်။

လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံရသူများသည် မြစ်ကြီးနား အကျဉ်းထောင်တွင် ဝန်ကြီးချုပ်အပါအဝင် ၁၆ ဦး၊ မိုးညှင်းအကျဉ်းထောင် ၄ဦး၊ ဖားကန့်အချုပ် ၁ ဦး၊ တနိုင်းအချုပ်တွင် ၁ ဦးကျန်ရှိနေသေးကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်‌ ဒေါက်တာခက်အောင် အပါအဝင် ဝန်ကြီး ၇ ဦးအား စစ်ကောင်စီတပ်မှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေပုဒ်မ၂၅ ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ တရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တို့ဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့ထိ ထောင်ဒဏ်အသီးသီးချမှတ်ပေးပြီးဖြစ်သည်။

Show More

Related Articles

Back to top button