သတင်း

NUG အစိုးရ အွန်လိုင်းပညာရေးအစီစဉ်တွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ၁၈၀၀ ဝန်းကျင် သင်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှဦးစီးကာ သင်ကြားနေသည့် ကြားကာလ အွန်လိုင်းပညာရေး အစီစဥ်တွင် မြစ်ကြီးနားတက္ကသိုလ်ကောင်စီမှ ဖွင့်လှစ်သည့် ပညာရေးအစီအစဉ် ကျောင်းသူ၊ သားဦးရေ ၁၈၀၀ခန့် တက်ရောက်နေကြောင်း မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌထံမှ သိရှိရသည်။

စစ်တပ် အာဏာသိမ်းမူမဖြစ်ခင် မြစ်ကြီးနားတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇ ထောင်ရှိခဲ့သည့်အနက် လက်ရှိ NUG အစိုးရ၏ ကြားကာလပညာရေး အစီစဉ်တွင် ကျောင်းသား/သူ ဦးရေ ၁၈၀၀ ခန့် သင်ကြားနေခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အခုလက်ရှိမှာတော့ မြစ်ကြီးနားတက္ကသိုလ်အနေနဲ့ မြစ်ကြီးနားတက္ကသိုလ်ကောင်စီကနေပြီးမှ ကြားကာလ အွန်လိုင်းအခြေပြုပညာရေးဆိုပြီးတော့ ဒီဟာကိုစပြီးတော့အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။ အဲ့တာကတော့ ကျနော်တို့ ဒီဟာစတည်ခဲ့တာတော့ လွန်ခဲ့တဲ့၂၀၂၁ အဲ့လောက်တည်းက စပြီးတော့ဆောင်ရွက်နေတယ်။ ဒါမဲ့ ခုမှပဲ စပြီးဖွင့်ဖြစ်တယ် ကျောင်းသားဦးရေကတော့လောလောဆယ်အထိ ၁၈၀၀ လောက် registered လုပ်ထားပြီး စပြီးတော့သင်ကြားမှုတွေလုပ်နေပါတယ်” ဟု မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌ က ဆိုသည်။

သင်ကြားနေသော အစီစဉ်များမှာ ၂၀၂၀ မတ်လတွင် ကိုဗစ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် ဒုတိယနှစ်ဝက်ကိုအစမှ ပြန်လည်သင်ကြားပေးနေသည့်အပြင် ကျောင်းသူ၊သားများအနေဖြင့် သင်ခန်းစာတစ်ခုပြီးတိုင်း နားလည်သင်ယူမှုကို စစ်ဆေးသည့်အနေဖြင့် Assignment ထပ်ခြင်း၊ အခန်းဆုံးစာမေးပွဲများကို အွန်လိုင်းမှတစ်ဆင့်ဖြေဆို‌ရကြောင်း သိရသည်။

အောင်ရှုံး စီစစ်ပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဋ္ဌာနမှ ပေးအပ်သည့် ယာယီဘွဲ့ ထောက်ခံစာနှင့် အတန်းပြီးဆုံးကြောင်းထောက်ခံစာများရရှိမည် ဖြစ်ကြောင်း ဧပြီလ၁၅ရက်နေ့က zoom မှ တစ်ဆင့် ဖွင့်လှစ်သည့် မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်းပညာရေးအစီအစဥ်ဖွင့်ပွဲတွင် မြစ်ကြီးနား တက္ကသိုလ် ကောင်စီမှ ဆရာတစ်ဦးက ပြောဆိုထားသည်။

ထို့ပြင် သင်ကြားမှုအစီစဥ်နှင့်ကျောင်းသား/ ကျောင်းသူဆရာဆရာမများရဲ့လုံခြုံရေးကိုလည်း အဓိကထားဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့ ပထမဦးစားပေးက သင်ကြားတဲ့ဆရာဆရာမရော သင်ယူတဲ့ကျောင်းသားရောရဲ့ လုံခြုံရေးကိုဦးစားပေးဆောင်ရွက်တယ်။ အခုက Google Classroom ပလက်ဖောင်းသင်ကြားမှုလုပ်နေတယ်။ တိုက်ရိုက်သင်တဲ့မေဂျာရှိသလို record လုပ်ထားတဲ့ videoနဲ့ သင်တဲ့ မေဂျာတွေလည်းရှိတယ်။ ဆိုတော့ ဆရာကျောင်းသား တိုက်ရိုက်ထိတွေ့တဲ့ဟာလည်းရှိသလို တိုက်ရိုက်မထိတွေ့နိုင်တာလည်းရှိတယ်” ဟု မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား သမဂ္ဂ ယာယီဥက္ကဋ္ဌ က ဆိုသည်။

တက်ရောက်နိုင်သည့် ကျောင်းသား/သူ များ ရွေးချယ်ရာတွင် ကျောင်းသားကိုယ်စားလှယ်များမှတစ်ဆင့် CDM၊ Non CDM ကျောင်းသားတွေကိုစိစစ်ပြီး ကျောင်းသား/သူများကို မြစ်ကြီးနားတက္ကသိုလ်ကောင်စီမှ email ကတစ်ဆင့် ခုံနံပါတ်ထုတ်ပေးကာ တက်ရောက်ခွင့်ပေးနေပြီး ဓာတုဗေဒ၊သတ္တဗေဒ၊ရူပဗေဒ၊စိတ်ပညာ၊သမိုင်း စသည့်မေဂျာ ၅ခုမှ ကျောင်းသား၊သူဦးရေ ၁၈၀၀ အနက် ဓာတုဗေဒမေဂျာမှ အများဆုံး ၃၀၀ ထိပါဝင်ကြောင်း သိရသည်။

“အခုလောလောဆယ်ထိကတော့ အဆင်ပြေပါတယ်။ ကျနော့အနေနဲ့ကလည်း အခုအလုပ်လုပ်ရင်းနဲ့တက်နေရတာ အားတဲ့အချိန်မှာ record videoလေးတွေကြည့်ပြီးမှလေ့လာဖြစ်တယ် အဆင်ပြေပါတယ်။ ပြီးတော့အင်တာနက်ရတဲ့ နေရာဆိုတော့ အဆင်ပြေသလို အသုံးပြုလို့ရတယ်” ဟု မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်းအစီစဥ်မှာ တတိယနှစ် ဓာတုဗေဒမေဂျာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးက ပြောသည်။

ကျောင်းအပ်လက်ခံမှုကို အချိန်မရွေး မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖေ့ဘုတ်ပေ့ချ် နှင့် မြစ်ကြီးနားတက္ကသိုလ် ကောင်စီဖေ့ဘုတ်ပေ့ချ်များမှ ကျောင်းအပ် ဖောင်လင့်ခ်များ ရယူကာ အချိန်မရွေး လာအပ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှစကာ ကိုဗစ်ကပ်ဘေးကြောင့် ‌တက္ကသိုလ်များ၊ ကျောင်းများပိတ်ထားခဲ့ရသည့်အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစကာ စစ်ကောင်စီတပ်မှ အာဏာသိမ်းလိုက်သည့်နောက် အစိုးရ၏ ယန္တရားလည်ပတ်မူ ရပ်တန့်နိုင်ဖို့ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ CDM ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒဖော်ထုတ်ကာ တက္ကသိုလ်ကျောင်း၊ အခြေခံပညာရေးကျောင်းမှ ကျောင်းသား၊သူ များလည်း စစ်ကောင်စီမှ ဖွင့်သည့် ကျောင်းများတွင် တက်ရောက်ခြင်းမပြုဘဲ NUG အစိုးရ၏ ကြားကာလ ပညာရေးအစီစဉ်တွင် တက်ရောက်သူများစွာ ရှိလာသည်။

“ကျနော့သူငယ်ချင်းတွေလိုလက်နက်တော့မကိုင်နိုင်ဘူးပေါ့။ အလုပ်လုပ်ရင်းနဲ့ထောက်ပို့တာဝန်ယူရင်းတက်နေတာ အလုပ်လုပ်ရင်းနဲ့ ကျနော့ပညာရေးလမ်းကြောင်းကလည်းပျက်လို့အဆင်မပြေပေါ့နော်။ NUGကိုထောက်ခံတဲ့ အနေနဲ့လည်း သူတို့ကျောင်းမှာတက်တယ်။ အလုပ်လုပ်ရင်းတက်ရတာလည်းအဆင်ပြေလို့ပါ” ဟု NUG အစိုးရအောက် ကြားကာလပညာရေးအစီစဉ်‌တက်နေသူတစ်ဦးကပြောသည်။

အလားတူ NUG အစိုးရ၏ပညာရေးဝန်ကြီးဌာန၏ တစ်နှစ်ပြည့်အစီရင်ခံချက်တွင် ” တက္ကသိုလ်ကောင်စီများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သတ်မှတ်ခဲ့ပြီး တက္ကသိုလ်ပေါင်း၂၈၁ ကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များအဖြစ် ရပ်တည်နေကြပြီး ညထိုတက္ကသိုလ်ကောင်စီများမှတစ်ဆင့် တက္ကသိုလ်ကြားကာလ အွန်လိုင်းပညာရေး ကျောင်းများဆောင်ရွက်နေကြပြီ” ဟု အမျိုးညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဋ္ဌာနမှ ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ဝန်ကြီးဋ္ဌာန၏ တစ်နှစ်တာလုပ်ငန်းပြီးမြောက် ပြည်သူသို့အစီရင်ခံခြင်း အစီအစဉ်တွင် ပြောကြားခဲ့သည်။

Show More

Related Articles

Back to top button