သတင်း

ကာမိုင်း ပြည်သူ့စစ်အဖွဲ့တစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်မြို့တွင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ကားမိုင်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိပါသည်။

ပစ်သတ်ခံရသူမှာ အသက် ၅၈နှစ်အရွယ်ရှိ ဦးဇော်ဌေး ခေါ်သူဖြစ်ပြီး ကားမိုင်းမြို့မရပ်ကွက်ရှိ မြန္ဒာလက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် ဆိုင်ကယ် မောင်နင်းလာသော လူ ၂ဦးက ဝင်ရောက်ပစ်သတ်သွားသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“သူက ပြည်သူ့စစ်အဖွဲ့တစ်ဦးဖြစ်တယ်။ ဆိုင်ကယ်နဲ့ လူ ၂ယောက်ဝင်ပစ်သွားတယ်လို့ပြောပါတယ်။ သူထိုင်နေတဲ့ နေရာကနေ လက်တစ်လှမ်းစာလောက်မှာဘဲ ပစ်သတ်ခံရတာ။ အနီးကပ်မှာဘဲ ပစ်ခံရတယ်လို့ပြောလို့ရတယ်။ သေနတ်ဒဏ်ရာက တစ်ချက်ထဲ ပွဲချင်းပြီးအဲ့မှာဆုံးသွားတယ်”ဟုပြောဆိုသည်။

အဆိုပါ ပစ်သတ်ခံရသော ဦးဇော်ဌေးကို မည်သည့်အဖွဲ့က လာရောက်ပစ်သတ်သွားသည်ကို အသေးစိတ်မသိရသေးဘဲ လက်ရှိတွင် ကားမိုင်းမြို့ အခြေစိုက် စစ်ဗျူဟာအဖွဲ့ စစ်ကောင်စီတပ်နှင့်ရဲများက လာရောက်စစ်ဆေးမှုများရှိနေကြောင်း သိရပါသည်။

ကားမိုင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ ပစ်သတ်ခံရမှု ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ခုနှစ်  ဩဂုတ်လ ၁၁ရက်နေ့တွင် ကားမိုင်းမြို့ မအူပင်ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင် ပစ်သတ်ခံခဲ့ရသည်။

Show More

Related Articles

Back to top button