ပူတာအိုတွင် ဖုန်းလိုင်း အားလုံး နီးပါး ပြတ်တောက်နေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်တွင်း ဖုန်းအော်ပရီလိုင်းများအားလုံးနီးပါး ပြတ်တောက်နေကြောင်း ဒေသခံနှင့် နီးစပ်သူများထံမှ သိရသည်။

ပူတာအိုမြို့နယ်အတွင်း မေလ ၂၃ ရက်နေ့မှ စတင်ကာ MPT၊ Telenor ၊ Mytel ဖုန်းအင်းများပြတ်တောက်နေပြီး ယနေ့ မေ ၂၄ ရက်နေ့အထိမရသေးကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“mytel ကတော့ မနေ့ကတည်းကမရတာ Telenor နဲ့ MPT ကတော့မနေ့ညနက်ပိုင်းကတည်းက စပြီးမရတာ ခုနေ့ခင်းပိုင်းအထိ မရဘူး telenor ကတော့လိုင်းပေါ်တယ်။ အင်တာနက်မတက်ဘူး ဖုန်းခေါ်ရင်လည်း မရဘူး ဖုန်းလိုင်းမရှိဘူးလို့ပဲပြလာတယ်”ဟု ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

လတ်တလောတွင် Ooredoo ဖုန်းလိုင်းတစ်ခုတည်းသာအသုံးပြု၍ရပြီး ကျန်အော်ပရေတာများမှာ မည်သည့် အကြောင်းကြောင့် ပြတ်တောက်နေသည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှသိရသည်။

“ရာသီဥတုကြောင့်ပျက်တာဆိုရင်လည်း ဒီရက်ပိုင်းပူတာအိုမှာကရာသီဥတုကသာသာယာယာပဲနေပူနေတာ အရင်ကမိုးရွာတာတို့ဆိုရင်လည်း Mytel တို့ Ooredooတို့လိုင်းပြတ်တတ်တယ်။ အခုကအားလုံးနီးပါး တစ်ပြိုင်နက်ပျက်နေတာ ဘာကြောင့်လဲတော့ မသိရသေးဘူး”ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ပူတာအို ခရိုင်တွင် MPT ဖုန်းလိုင်းကို 2G အင်တာနက်လိုင်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်အသုံးပြုနိုင်ခဲ့ပြီး ကျန် ဖုန်းအော်ပရေတာလိုင်းများလည်း NLD အစိုးရလက်ထက်တွင် စတင်အသုံးပြုခွင့်ရခဲ့သည်ဟု သိရသည်။

Show More
Back to top button