တိုက်ပွဲသတင်း

ပူတာအိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှု များပြား

ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ် ၏ ထောက်ပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ရိက္ခာတင် စစ်ကား ၃ စီး ပျက်စီးသွားပြီး တပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ပူတာအိုဘက်သို့ တက်လာသော အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် တန်ဂျာကျေးရွာအနီး အင်ဒေါင်ဘွမ်တွင် KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် မှ ကျဆုံးမှု များခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်များထံမှ စုံစမ်း သိရှိရသည်။

“စစ်ကား ၃စီးထိသွားတယ်။ အဲ့မှာ ရိက္ခာလည်းပါ စစ်သား ၂၀လောက်ပါတဲ့ စစ်ကားတစ်စီးက ကမ်းပါးဘက်ကို ကျသွားတယ်။ ၂စီးက လမ်းပေါ်မှာဘဲ ပျက်စီးနေတယ်။ နောက် စစ်သားတွေလည်း ထိခိုက်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်လောက်ထိတယ် ဆိုတာကိုက အတိအကျပြောလို့မရဘူး” ဟု အမည်မဖော်လိုသူ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ပြောသည်။

ပျက်စီးသွားသော စစ်ကား ၃ စီးအနက် ကမ်းပါးအောက်သို့ ကျသွားသော စစ်ကား တစ်စီးကို ယနေ့ နံနက်ပိုင်းတွင် လမ်းမကြီး ပိတ်ကာ ပြန်လည် သယ်ထုတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်း ၆ နာရီခန့်က တန်ဂျာကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီးနောက် နေ့လည် ၁၂ နာရီအထိ ကျေးရွာအနီး ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု တန်ဂျာ ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“မနေ့ကတော့ ရွာအတွင်းအနီးအနားမှာဘဲ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ကြတာဟုတ်တယ်။ ပြီးရင် ရွာထဲက တာဝန်ရှိတဲ့သူတွေကိုလည်း ခြိမ်းခြောက်စစ်ဆေးတာတွေ လုပ်ကြတယ်။ ဒီကနေ့တော့ သေနတ်သံတွေမကြားရတော့ဘူး။ ဒါပေမယ့် အခုချိန်အထိ ရွာကနေ လမ်းမကြီးတစ်လျှောက်မှာ သူတို့ ရှိနေကြတယ်။ ရွာသားတွေလည်း ဘယ်သူမှ အပြင်မထွက်ရဲ ကြဘူး။ လမ်းတွေလည်း ပိတ်ထားတော့ ဘယ်သူမှသွားလို့မရသေးဘူး”ဟု တန်ဂျာဒေသခံတစ်ဦး ယနေ့ KNG ကို ပြောဆိုသည်။

တန်ဂျာကျေးရွာအနီး တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှု များပြားခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာတာဝန်ခံတစ်ချို့ကို ခေါ်ယူကာ ‘နောက်ထပ် သေနတ်သံများ ထပ်ကြားလာပါက ကျေးရွာကို မီးရှို့ဖျက်ဆီးပစ်မည်’ ဟု ခြိမ်းခြောက်မှုလည်း ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ ဆက်လက်သိရသည်။

ယမန်နေ့ တန်ဂျာကျေးရွာသို့ ရောက်ရှိလာခဲ့သော စစ်ကောင်စီယာဉ်တန်းမှ တစ်ချို့သည် ညနေပိုင်းတွင် ပူတာအိုမြို့ဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာတွင် ယာဉ်တန်းတစ်ဝက်ခန့်သာ ကျန်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ တန်ဂျာကျေးရွာတွင် လမ်းပိတ်ထားသောကြောင့် မြစ်ကြီးနား ပူတာအို ခရီးသွား ပြည်သူ ၃၀ ဦးခန့်မှာလည်း လမ်းတွင် ပိတ်ဆို့နေသည်ဟု စုံစမ်း သိရှိရသည်။

ယခု တိုက်ခိုက်ခံရသော စစ်ကောင်စီယာဉ်တန်းသည် မေလ ၂၁ ရက်နေ့ ဆွမ်ပရာဘွမ့်မြို့ပေါ် မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဆွမ်ပရာဘွမ့်မြို့နယ် နှင့် ပူတာအိုမြို့နယ်ကြားတွင် နောက်ထပ် ၄ ကြိမ်ထက်မနည်း ပြန်လည် တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်နှင့် စစ်ရိက္ခာသယ် စစ်ကား ၈၀ စီးခန့်ပါဝင်ပြီး မေလ ၁၁ ရက်နေ့ မြစ်ကြီးနားမှ ခြေကျင်ဖြင့် ထွက်ခွာလာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button