သတင်း

တန့်ဆည်မြို့နယ်တွင် စစ်ရှောင်သောင်းဂဏန်းရှိလာပြီး ငှက်ဖျားနှင့် အခြားဆေးဝါးများ အရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ရှောင်ပြည်သူ သောင်းချီ တိုးလာနေပြီး ငှက်ဖျားရောဂါ ဖြစ်ပွားလာနေသောကြောင့် ၎င်းတို့အတွက် ဆေးဝါးကူညီမှု အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ကျေးရွာပေါင်း ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်သူများသည် တောတောင်များတွင် ရာသီဥတုဒဏ်ကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦး က KNG သို့ ပြောသည်။

“ကျွန်မတို့ ဒီဘက်မှာဆိုရင်တော့ ရဟတ်ယာဉ်တွေနဲ့ ဝင်ပစ်တယ်။ ပစ်ပြီးနေအိမ်တွေ မီးရှို့တော့ ရွာထဲမှာ မနေရဲကြတော့ဘူး။ မနေရဲကြတော့ သူတို့တောတွေထဲမှာ နေရတာပေါ့။ တောတောင်ထဲမှာဆိုတာ့အခုက ငှက်ဖျားတွေ အများပိုင်းဖြစ်ကြတယ် အခုရက်ပိုင်း မိုးပိုကျတော့ ငှက်ဖျားပိုး ဖြစ်ကြတယ်” ဟု ယင်းစစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။

စစ်ရှောင်ပြည်သူများသည် တန့်ဆည်မြို့အနောက်ပိုင်းနှင့် တောင်ပိုင်းတွင် အများဆုံးရှိပြီး ၎င်းတို့ကို ကြည့်ရှု့ ကုသမေးနိုင်မည့် ဆရာဝန်မရှိသည့်အတွက်လည်း ငှက်ဖျားရောဂါကို ခက်ခက်ခဲခဲ စစ်ဆေးကုသနေရကြောင်း စစ်ရှောင်များအား ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ ဆီမှာက ဆရာဝန်တွေ မရှိတာပိုဆိုးတာပေါ့။ အဲ့ကြောင့်ကျွန်မတို့က ငှက်ဖျားစစ်တဲ့ဟာလေး တွေဝယ်ပြီးတော့ စစ်ပေးတယ်။ စစ်ပေးပြီးတော့မှ သူတို့ငှက်ဖျားဖြစ်နေတယ်ဆိုတာသိရတာ ဆရာဝန်တွေမရှိတော့ ကျွန်မတို့က ခက်ခက်ခဲခဲကုနေရတယ်နေ့ကတော့ ငှက်ဖျားဖြစ်တဲ့သူ ၂၀ ကျော်လောက်ရှိနေတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

လတ်တလောအနေအထားတွင် ငှက်ဖျားရောဂါခံစားနေရသည့်သူများအထဲတွင် ရောဂါပြင်းပြင်း ထန်ထန်ခံစားနေရသည့်သူမရှိသေးသော်လည်း မိုးဝင်ခါကပြုလာသည့်အတွက် ဆေးဝါလုံအလောက်မရှိဘဲ ယခုအခြေအနေတိုင်းဆက်သွားမည်ဆိုပါက ပိုမိုဆိုးရွားသည့်အခြေအနေတစ်ခုအထိရောက်လာနိုင် ကြောင်းသူကဆက်ပြောသည်။

အလားတူ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများလည်း အများအပြားပါဝင်နေသည့်အတွက် ဝမ်းပျက်ဝမ်းလျှော ဆေးနှင့် အကိုက်အခဲပျောက်ဆေးများလည်း လိုအပ်နေပြီး ဆေးဝါးများ ထောက်ပံ့လှူဒါန်း လိုပါက တန့်ဆည် စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့ထံ စုံးစမ်းမေး မြန်း၍ ကူညီနိုင်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် ရှိလာသည့်အပြင် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ ၄ဝ,၂ဝဝ ခန့်ရှိပြီး ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ လူနေအိမ် ၁၂,၇ဝဝ ကျော်လည်း ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button