ပလနရဲစခန်းအနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေ ရဲစခန်းတွင် ယနေ့ မနက်ပိုင်း ၅ နာရီခွဲမှ ၆ နာရီအတွင်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ရဲစခန်းအနီး နေထိုင်သူများပြောသည်။

“ပစ်ခတ်သံတွေကြားရတယ် တိုက်ပွဲဖြစ်တာထင်တယ်။ ပလနရဲစခန်းကိုလာပစ်သွားတာထင်တယ် လက်နက်ကြီးတွေနဲ့ပစ်လိုက် သေနတ်နဲ့ပစ်လိုက်အဲ့လိုကြားနေရတယ် ဆက်တိုက်ပဲ ၁၀မိနစ်တော့ကျော်မယ်ထင်တယ် လက်နက်ကြီးသံ ကြားလိုက်သေနတ်သံကြားလိုက်နဲ့ပေါ့”ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

ဗုံးသံ ပထမဆုံး ကြားရပြီးနောက် ရဲစခန်းမှာ ပြန်လည်ပစ်ခတ်သည့် အသံများ နာရီဝက်ခန့် ကြားရပြီးနောက် ပြန်လည် ငြိမ်သက်သွားသည်ဟု ဆိုသည်။

အဆိုပါ ပလနရဲစခန်းကို ပြီးခဲ့သည့် ဧပြီလ၂၁ ရက်နေ့ ည၈နာရီဝန်းကျင်တွင်လည်း ဒေသပြည်သူ့ကာကွယ်ရေးဘက်မှ ပစ်ခတ်မှုရှိခဲ့သော်လည်း ယနေ့ နံနက် ပစ်ခတ်သည့်အဖွဲ့ကို မသိရှိရသေးပါ။

လက်ရှိတွင် ပလနရဲစခန်းရှေ့ ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများပြုလုပ်နေပြီဟု သိရသည်။

အဆိုပါ ရဲစခန်းသည် ဆွမ်ပရာဘွမ် လမ်းမကြီးပေါ်တွင်ရှိပြီး ပုံမှန်အားဖြင့် မနက် ၆ နာရီ မှ ညနေ၆နာရီအထိသာ အချိန်ကန့်သတ်ထားသဖြင့် ဒေသခံများ ခက်ခဲမှု ဖြစ်နေခြင်း ဖြစ်သည်။

Show More
Back to top button