သတင်းဆောင်းပါး

KIA တပ်စခန်းကို တစ်ကိုယ်တော် သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်ကောင်စီတပ်တွေဖွင့်ထားတဲ့ အဖွဲ့တွေအများကြီး ရှိတဲ့အထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုက်ခိုက်လာတဲ့ အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာပြီ ဖြစ်တယ်။

အဲဒီအဖွဲ့က ဟူးကောင်းဒေသ လီဒိုလမ်းမကြီးအပေါ် ရှဒူးဇွပ်ရွာမှာ လွန်ခဲ့တဲ့ ၂၀၁၆ နှစ်လောက်မှာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဆိုပြီး ဖွင့်ခဲ့ပြီး အခုချိန် ဝါရာဇွပ် ပြည်သူ့စစ်လို့ခေါ်တဲ့ မင်းဇင်သန့် ဦးဆောင်တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

စာပေယဉ်ကျေးမှုအဖွဲ့ကနေ ပြည်သူ့စစ်အဖွဲ့ဖြစ်လာတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“၂၀၁၆ခုနှစ် စစ်ဖြစ်တဲ့အချိန် အောင်ခွန် ဦးစီးပြီးတော့ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု’ ဆိုပြီး ဆိုင်းဘုတ်ထောင်ပြီး အဖွဲ့ဖွဲ့နေကြတယ်။ အဲဒီနောက်မှာတော့ မင်းဇင်သန့် အာဏာရလာပြီး အောင်ခွန်နဲ့အဖွဲ့တွေကို ဖျောက်လိုက်တယ်။ အောင်ခွန်နဲ့ အဖွဲ့ပြည်သူ့စစ်တွေက ဆုံးသွားတဲ့သူတွေနဲ့၊ တစ်ချို့က ဘိန်းစားဖြစ်သွားတာနဲ့၊ တစ်ချို့က နေရပ်ပြန်သွားကြတယ်။”

တရားဝင်ဆိုင်းဘုတ် ရေးထားတာက ဝါရာဇွပ်ပြည်သူ့စစ် ​ဖြစ်ပေမယ့် ရှဒူးဇွပ်၊ စံပြရွာတွေမှာပဲ စခန်းချ လှုပ်ရှားတဲ့အတွက် ရှဒူးဇွပ်ပြည်သူ့စစ်၊ စံပြပြည်သူ့စစ် လို့ပဲ ဒေသခံတွေက ခေါ်ဆိုကြပါတယ်။

အဲဒီအဖွဲ့ကို ၂၀၁၈ ခုနှစ်လောက်ကစပြီး မင်းဇင်သန့် ပြန်လည်ဦးဆောင်လာတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စံပြရွာအလယ်မှာ စခန်းချလာတာဖြစ်တယ်။

မင်းဇင်သန့်မှာ ငယ်စဉ်ကတည်းက လီဒိုလမ်းမပေါ် မှာ ကြီးပြင်းပြီး ကျောင်းတက်ပြီးနောက် စရဖ နဲ့ နီးစပ်ပြီးတော့ အလုပ်လုပ်တဲ့သူ ဖြစ်တယ်လို့ သိရတယ်။

၃ နှစ်အတွင်း လူအင်အား၊ လက်နက်အင်အားတောင့်လာပြီးတော့ လွန်ခဲ့တဲ့ ဇူလိုင်လ (၁၈) ရက်နေ့မနက် ရှဒူးဇွပ်အနီးမှာရှိတဲ့ ကနွယ်တူး KIA တပ်ရင်း ၁၄ တပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကေအိုင်အေဘက်က ၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်။

”ကေအိုင်တပ်စခန်းနားမှာ အချက်ပြမိုင်းထောင်ထားတာ အဲဒါလာနင်းမိတာနဲ့တူတယ်၊ အဲလိုမဟုတ်ရင် ရှိတဲ့ ၆ ယောက်စလုံးကို အရှင်ဖမ်းဖို့ အစီအစဉ်ရှိတယ်ထင်တယ်၊ သူတို့တွေ သတိထားနေလို့သာ ၂ ယောက်က အဲဒီနေရာမှာတင် သေနတ်ထိပြီး ဆုံးသွားတယ်၊ ၂ ယောက်ကတော့ ထိခိက်ဒဏ်ရာရတယ်လို့ သိရတယ်။ အဲဒီတပ်မှာရှိတာ စုစုပေါင်း ၆ ယောက်လို့ သိရတယ်” လို့ တိုက်ပွဲနဲ့ပတ်သက်ပြီး စံပြဒေသခံတစ်ဦးက ပြောဆိုခဲ့ပါတယ်။

မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ဟာ ရှဒူးဇွပ်ဒေသ ကုန်တင်ကားတွေဆီက ကောက်ခံရတဲ့ဝင်ငွေက တစ်ရက်ကို သိန်း ၄၀၀ အထက်ရှိပါတယ်။ အဲဒီထဲမှာ ရွေတူးတဲ့လောပန်းတွေဆီက နေ့တိုင်း၊ လတိုင်း အခွန်ကောက်တာနဲ့ သူ့ရဲ့ဝင်ငွေက တစ်လကို သိန်းသောင်းလို ရှိမယ်လို့ ဒေသခံတွေ ခန့်မှန်းကြပါတယ်။

သူဟာ ဝင်ငွေကောင်းတဲ့အတွက် စံပြရွာမှာ ဘန်ဂါကတုတ်ကျင်း ၂ ခု ၃ ခု လုပ်ထားတဲ့ စစ်တပ်တစ်ခု၊ ရှဒူးဇွပ် စစ်တပ်တစ်ခု နဲ့ အခုတစ်လော ကေအိုင်အေနဲ့ နီးတဲ့ ကိုင်းတော မှာ စစ်တပ်တစ်ခု ပြန်လုပ်ထားပြီ ဖြစ်တယ်။ ပြီးတော့ သူ့အိမ်ကိုရော ရှဒူးဇွပ်မှာ ကြီးကျယ်ခန်းနားစွာနဲ့ စစ်တပ်တစ်ခုလို ဆောက်လုပ်ထားတာကို တွေ့ရတယ်။

အဲဒီစစ်တပ် (၃) ခုစလုံးကို မင်းဇင်သန့် ဦးဆောင်ပေမယ့် လက်တွေ့မှာ စံပြစစ်တပ်ကိုကျတော့ သူ့ညီ ညီဇော်ရှိုင်း၊ ရှဒူးဇွပ် စစ်တပ်ကို သူအကို အငယ်လေး၊ ကိုင်းတောတပ်ကို သူလက်အောက်ငယ်သား တစ်ယောက်ကို အုပ်ချုပ်ခိုင်းထားပါတယ်။

အခုလို လက်နက်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက်လာတာကို ခုခံဖို့ ကတုတ်ကျင်း ကောင်းကောင်းပြုလုပ်ထားတာကြောင့် ကေအိုင်အေတပ်ကနေပြီးတော့ သွားတိုက်ခိုက်ဖို့ ခက်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦး အခုလိုပြောပါတယ်။

“အခုပြန်ကြည့်မယ်ဆိုရင် ကေအိုင်အေဘက်ကလည်း ပြန်တိုက်ခိုက်ဖို့ ခက်လာတာနေမှာ၊ အခေါက်တိုင်းအခါတိုင်း ကျရှုံးမှုတွေရှိတော့ ကေအိုင်အေဘက်ကလည်း ပြန်တိုက်ဖို့ နည်းလမ်းရှာရခက်လာတာနဲ့တူတယ်။ ၂၀၂၁ ခုနစ်ကစပြီးတော့ နှစ်ဖက်တင်းမာမှုတွေရှိပြီး အခု ၂၀၂၂ ခုနှစ်မှာ အချင်းချင်စောင့်ကြည့်နေကြတာ ပြည်သူ့စစ်တွေပဲ ကေအိုင်အေတွေဆီ အရင်ရောက်မလား၊ ကေအိုင်အေတွေပဲ ပြည်သူ့စစ်တွေဆီ အရင်ရောက်လာမလား၊ အဲလိုအခြေအနေရှိတယ်။”

မင်းဇင်သန့်အိမ်နဲ့ သူ့စစ်တပ်ကို ကာကွယ်ဖို့ ခရစ်ယန် ကတ်သလစ်အသင်းတော်ရဲ့ ဆုတောင်းတောင်ကို သူ့လက်နက် တပ်ဆင်လိုက်တာ ၂ နှစ်ကျော်ရှိပြီလို့ သိရတယ်။

“ဆုတောင်းတောင်မှာ အခုလိုနေရာယူလာတော့ ကျွန်တော်တို့လည်း ဒါကအသင်းတော်ရဲ့နေရာမှာ မကောင်းဘူးထင်တယ်လို့ ပြောတော့ သူ့အိမ်အတွက် ခဏလုံခြုံရေးယူတာပဲဖြစ်တယ်၊ နိုင်ငံရေးပြန်တည်ငြိမ်လာရင် အကုန်ပြန်ဖျက်ပေးမယ်ဆိုပြီးပြောတယ်၊ တစ်ခါတစ်လေ လက်နက်ကြီးသံတွေကြားရတော့ ပတ်ဝန်းကျင်ကလူတွေ ကြောက်နေကြတာရှိတယ်” လို့ အသင်းတော်ဘက်က အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက ပြောဆိုပါတယ်။

ကေအိုင်အေ တပ်မ ၂ ရဲ့ ညွှန်ကြားချက်အရ လွန်ခဲ့တဲ့ ၂၀၂၁ မေလ ၂၇ ရက်နေ့ မင်းဇင်သန့်နေအိမ်ကို သွားတိုက်တဲ့အဖြစ်အပျက်မှာ ကေအိုင်အေဘက်က ၂ ယောက်ကျဆုံးသွားတာဖြစ်တယ်။

ဒါ့အပြင် အခုနှစ် မေလ ၁၉ ရက်ည မင်းဇင်သန့်ရဲ့ ဘက်ဟိုးကား ၂စီးကို KIA က မီးရှို့ဖျက်ဆီးလိုက်တဲ့နောက် မေလ ၃၁ ရက်နေ့ကစပြီးတော့ ကေအိုင်အေ စစ်တပ်ရှိတဲ့ ရွှေမှော်ဘက်သွားတဲ့ လမ်းတွေအကုန်ပိတ်ဆို့ပြီး ဘယ်သူမှ ဝင်ထွက်လို့မရအောင် မိုင်းတွေထောင်လိုက်တာဖြစ်တယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်း အများကြီးရှိပြီဖြစ်တယ်။

ရှဒူးဇွပ်ဒေသမှာ စစ်ကောင်စီလက်အောက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့တွေ အင်အားတောင့်တင်းလာတာနဲ့အတူ ဒေသခံပြည်သူတွေရဲ့ လုပ်ငန်းအဆင်မပြေမှုတွေ၊ ကြောက်ရွံ့စရာတွေ ပိုပိုများလာတယ်လို့ ဒေသခံတစ်ဦး ပြောပါတယ်။

“ရပ်ရွာငြိမ်းချမ်းတယ်ဆိုတာက ကြိုက်တဲ့အချိန် လွတ်လွတ်လပ်သွားလာနိုင်တာကို ပြောတယ်၊ အခုကျတော့ နေ့လည်း မပျော်၊ ညလည်းမပျော်၊ ည ၈ နာရီဆိုတာနဲ့ အိမ်ထဲမှာပဲနေနေရတော့တယ်။ နေရာဒေသကို ကြည့်မယ်ဆိုရင်လည်း သူတို့ပြောတာလည်းမှန်တယ်၊ ပြည်သူတွေကြားမှာ နေနေတဲ့အတွက်ကြောင့် တိုက်ခိုက်ဖို့လည်းခက်တယ်၊ ပြည်သူတွေကို ငဲ့ရတယ်၊ လွန်ခဲ့တဲ့ အချိန်ကလည်း ပစ်ကြတာပဲ၊ ကျွန်တော်တို့ ပြည်သူတွေက ပစ်ခတ်မှုတွေရှိလာရင် ရှောင်ဖို့အဆင်သင့်ပါဘဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်တွေချည်းပဲ အင်အား ၁၀၀ ကျော်ရှိပြီး၊ အဲဒီနားမှာ ခ-လ-ရ (၂၉၇) တွေရောရှိတဲ့အတွက် အခုချိန် ရှဒူးဇွပ်ဒေသမှာ ကေအိုင်အေနဲ့ ပြည်သူ့စစ်တွေ စစ်ရေးတင်းမာမှုတွေရှိတော့ ရွာသားတွေက အဝတ်တွေထုတ်ပြီး အမြဲတမ်း သတိဝရိယနဲ့နေနေရပါတယ်။

ရှဒူးဇွပ်ဒေသ မင်းဇင်သန့်နဲ့ ကေအိုင်အေကြား စစ်ရေးနဲ့ပတ်သက်ပြီး မြစ်ကြီးနားမှာရှိတဲ့ နိုင်ငံရေး၊ စစ်ရေး ဆင်ခြင်သုံးသပ်တဲ့ လူကြီးတစ်ယောက်က သူ့ရဲ့အမြင်ကို KNG သတင်းဌာနကို အခုလိုတင်ပြပါတယ်။

“မင်းဇော်သန့်က အရင်က ကေအိုင်အေ စစ်ဗိုလ်၊ အရာရှိတွေကို ပိုက်ဆံပေးပြီး အလုပ်လုပ်ပေမယ့်၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မပခ တိုင်းမှူးဟောင်း တေဇာကျော် က ကစထမှု ပြန်ဖြစ်လာတော့ မင်းဇော်သန့်ကို အင်အားဖြည့်ပေးပြီး တစ်ကယ်လို့ စစ်ဖြစ်လာရင်တောင် လေယာဉ်နဲ့ ပစ်ကူမယ့်အဆင့်ထိ အနောက်ကနေကူညီနေတာကို သိရတယ်။” လို KNG ကို ပြောပါတယ်။

ဟူးကောင်းဒေသမှာ ၂၀၁၇ – ၂၀၁၈ နမ်ဘယူ၊ နမ့်ခမ်းဘက်ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် စစ်ပွဲကြီး မဖြစ်တာ အခုချိန်အထိဖြစ်ပါတယ်။

Show More

Related Articles

Back to top button