သတင်း

ဆယ်ဇင်းတွင် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်

ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် တပ်စွဲထားနေထိုင်သော စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ ဥရုချောင်းထဲ ပစ်ချလိုက်သည်ဟု ထွက်ပြေး လွတ်မြောက်လာသူများထံ မှ သိရသည်။

ဆယ်ဇင်းမှာ ကျန်ရှိနေတဲ့ ပြည်သူ ၆ယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီး ဥရုချောင်းထဲပစ်ထည့်လိုက်တယ်။ အဲ့ဒီ ပစ်သတ်လိုက်တဲ့ ၆ယောက်ကို သူတို့က ဆယ်ဇင်းမှာ ပြည်သူတွေပစ်ထားခဲ့တဲ့ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကို သုံးဘီးနဲ့ သယ်ထုတ်ခိုင်းတယ်။ သူတို့ခိုင်းပြီးလို့ သတ်ပစ်လိုက်တာ ဟုတ်တယ်” ဟု ဖားကန့်သို့ရောက်လာသော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်သတ်ခံရသော အရပ်သား ပြည်သူ ၆ ဦးသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်ရှောင်၍ မရဘဲ ပုန်းကျင်းများတူးကာ ပုန်းခိုနေရာမှ ဩဂုတ်လ ၂၂ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ၂ ရက်ခန့်အကြာ ၎င်းတို့ ခိုင်းစေပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

သူတို့ ၆ယောက်ကို ၄ ရက်လောက်အကြာ သေနတ်ထောက်ပြီး ရွာထဲက သူတို့ လိုချင်တဲ့ ပစ္စည်းတွေကို သယ်ခိုင်းတယ်။ နောက်ပြီး ကြက်ခြံက မွေးမြူရေးကြက်တွေ အကောင် ၆၅၀ ကောင်လောက်နဲ့ ဝက် ၄ကောင်ကိုလည်း သယ်ခိုင်းတယ်။ သူတို့ခိုင်းချင်ရာခိုင်းပြီးမှဘဲ ရင်ဘတ်မှာ သေနတ်ထောက်ပြီး ပစ်သတ်လိုက်ကြတယ်” ဟု ပြောသည်။

ပစ်သတ်ခံရသူ ၆ ဦးအနက် အိုက်ခဲနှင့် ကျော်ဇောတို့ ၂ဦး၏ အမည်ကို သိရှိရပြီး ကျန် ၄ဦး၏ အမည်ကို သေချာမသိရသေးကြောင်း ပြောပြသည်။

ဆယ်ဇင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် နှင့် ရှမ်းနီအမျိုးသားတပ်မတော် SNA ၏ ပစ်ခတ်မှုကြောင့် ဆယ်ဇင်း ဒေသခံ ၃၀ ဝန်းကျင်ခန့် သေဆုံးခဲ့ရသည်ဟု ဖားကန့်ဘက်သို့ ထွက်ပြေးလွတ်မြောက်လာသော ဆယ်ဇင်း မျက်မြင်ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

အဆိုပါ ပစ်သတ်ခံရသော အရပ်သားပြည်သူများ ၃၀ ဝန်းကျင်အနက် ၁၅ ဦး၏ သေဆုံးမှု စားရင်းသာ ရရှိပြီး ကျေးရွာအတွင်း စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် တပ်စွဲထားသောကြောင့် အလောင်းများကို ပြန်လည်ကောက်ယူနိုင်ခြင်းမရှိခဲ့သလို စာရင်း အတိအကျ သိရှိနိုင်ရန် ခက်ခဲ့နေကြောင်း ဒေသခံများ ထံမှ သိရသည်။

ဆယ်ဇင်းတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် တိုက်ပွဲဖြစ်ပွားခဲ့စဉ်အတွင်း စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်မှုနှင့် မီးရှို့မှုကြောင့် လူနေအိမ်ပေါင်း ၆၇၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့မှ ဆယ်ဇင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီ SNA တပ်စခန်း တစ်ခုကို သွားရောက် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း KIA ဘက်မှ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button