“မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီဟေ့” ဆိုပြီး ပရိသတ်အကြိုက် သတင်းခေါင်းစဥ်ဖြင့် ကြည့်ရှုသူများပြားအောင် လုပ်ဆောင်နေသည့် Youtube ဗီဒီယိုများလည်း ပျံနှံနေသည်ကို တွေ့ရသည်။
အဆိုပါ သတင်းအမှားများကို “DVB Myanmar Media” Youtube Channel တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ နှစ်ထောင်နီးပါးရှိခဲ့သည်။
ယခု သတင်းအမှားကို ဖြန့်ဝေနေသော “DVB Myanmar Media” ဆိုသော ချန်နယ်မှာ ယခင်က “Ayaytawbon” ဆိုသည့် နာမည်ကို နာမည်ပြောင်းလဲထားခြင်း ဖြစ်သည်။ အဆိုပါ ချန်နယ်တွင် ဖော်ပြထားသော အကြောင်းအရာအားလုံးမှာ သတင်းအမှားများသာ ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
DVB ဆိုသည်မှာ Democratic Voice of Burma သတင်းဌာနဖြစ်ပြီး ယခုချန်နယ်သည် သတင်းဌာန နာမည်ကို ယူကာ ပရိသတ်ယုံကြည်မှု ရအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
သတင်းခေါင်းစဥ်အမှား ဗီဒီယိုများ ပြုလုပ်ပြီး ပရိတ်သတ် စိတ်ဝင်စားအောင်ပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ ၄င်းတို့၏ ဗီဒီယိုများကို ဝင်ရောက်ကြည့်ရှုသူများအောင်ပြုလုပ်ပြီး Youtubeမှ ပိုက်ဆံရှာဖွေနေခြင်းဖြစ်သည်။
သတင်းဆိုသည်မှာ နေ့စဥ်စာဖတ် ပရိသတ်ကို သတင်းအမှန် ဖော်ပြရန်၊ အသိပညာပေးရန် ၊ လူထုအသံကို ဖော်ထုတ်ပေးရန် စသည့် တာဝန်များလုပ်ဆောင်ရန်ဖြစ်သောကြောင့် စာဖတ်ပရိတ်သတ်ကို အဆိပ်အတောက် ဖြစ်စေမည့် သတင်းအမှားဖြင့် ငွေကြေး ရှာဖွေသည့် ချန်နယ်များကိုမူ သတိထား ရှောင်ကြဉ် သင့်ပါသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လူမှုစာမျက်နှာများပေါ်တွင် စိတ်ဝင်စားဖွယ်ရာ မည်သည့်အချက်များကို တွေ့စေကာမူ သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနကြီးများ၏ ဖော်ပြချက်များဖြင့် စစ်ဆေးကာ ယုံကြည် သင့်ပါသည်။