သတင်းသတင်းဆောင်းပါး

အဆိပ်သင့် ဘိုင်အိုဒိုင်ဗာစတီ

ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါဒေသရဲ့ တောင်တွေမှာ မြေရှားသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် သတ္ထုပျော်ရည် စုဆောင်းသည့် ကန်ပေါင်း ၂၇၀၀ ကျော်ကို ဂြိုလ်တုမှ ရှာဖွေ့တွေ့ရှိထားကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Global Witness ရဲ့ အဆိပ်သင့်တောင်တန်းများ ဆိုသည့်အစီရင်ခံစာ ထွက်ပေါ်လာသည်။

မြေရှားတူးဖော်မှုကို တရုတ်ကုမ္မဏီများနှင့် တရုတ်အစိုးရပါဝင်သည့် ကုမ္မဏီများမှ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၏ ကာကွယ်မှုဖြင့် လုပ်ဆောင်နေကြသည်။ ထိုတောင်တန်းဒေသရှိ မြေရှားသတ္တုတူးဖော်သည့် ဧရိယာအကျယ်အဝန်းမှာ စင်ကာပူနိုင်ငံနှင့် အရွယ်အစားမျှလောက် ရှိနေသည်။

မြေရှားဒြပ်စင်ကို မြေကြီးထဲမှ ထုတ်ယူလိုက်သည် နှင့် Biodiversity ဇီဝမျိုးစုံမျိုးကွဲ နှင့် တည်ဆောက်ထားသည့် စနစ်တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ ထို Biodiversity ထဲတွင် ပါဝင်သည့် အမျိုးအစား သုံးမျိုးရှိသည်။ Speciesdiversity မျိုးစိတ်၊ Geneticdiversity မျိုးရိုးဗီဇ Ecosystemdiversity သဘာဝဂေဟစနစ် များထိခိုက်ဖျက်စီးမည်ဖြစ်သည်။ ၎င်းတို့သည်မြေရှားသတ္ထုအပေါ်မှီခိုနေကြသည့် သဘာဝတရားများဖြစ်သည်။

ယခုကာလသည် ထိုသဘာဝတရားများမှာ အဆိပ်သင့်နေကြပြီဖြစ်သည်။ ထိုစနစ်တခုလုံးလည်းပျက်စီးခံရဖို့အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။

အဆိပ်သင့်တဲ့မြေကြီးဖြစ်နေပြီးဆိုရင် ဘာမှမရှင်သန်နိုင်တော့ဘူး။ ဂေဟစနစ်ပျက်စီးသွားပြီဆိုရင် လူနေလို့ မရတော့ဘူး။ ဒီကမ္ဘာမြေကြီးက မြေရှားသတ္ထုမရှိတော့ဘူးဆိုရင် လူသား၊ သက်ရှိသတ္တဝါတွေ နေထိုင်လို့မရတော့ဘူး။ မျက်စိနဲ့မြင်ရတဲ့အရာ မမြင်ရတဲ့အရာ အားလုံး နေထိုင်လို့မရတော့ဘူး။ သစ်ပင်တွေအသက်မရှည်နိုင်တော့ဘူး။ သစ်ပင်တွေအသက်တိုသွားမယ်။ မြေကြီးပျက်စီးမယ်။ ရေပျက်စီးမယ်။ ကမ္ဘာကြီးထဲကဓာတ်ကြီးလေးပါး အကုန်လုံးကို ထိခိုက်ပျက်စီးစေတယ်။ လေထုလည်းပျက်စီးမယ်။ ဂေဟစနစ် ပျက်စီးသွားပြီးဆိုတော့ဟု ကချင် သဘာဝပတ်ဝန်းကျင် ပညာရှင် Rev.Lachyung Hawng Hkawng က ပြောသည်။

ပန်ဝါဒေသမှ ထွက်သည့်မြေရှားသတ္ထုအား ဖုန်း၊ ကွန်ပျူတာ၊ အီလက်ထရောနစ် များတွင်အသုံးပြုသည်။ ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္ထုတင်ပို့မှုသည်အမေရိကန်ဒေါ်လာ၁.၅သန်းမျှသာရှိခဲ့သည်။  အာဏာသိမ်းပြီးနောက် တင်ပို့မှုပမာဏသည်အမေရိကန်ဒေါ်လာသန်း၇၀၀ကျော်မြင့်တက်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် ကချင်မှ မြေရှားသတ္ထုတင်ပို့မှုနှုန်း ပိုမိုမြင့်တက်လာသော်လည်း ဒေသခံပြည်သူများအတွက်မူ အဆိပ်သင့်သည့် ရေ၊ မြေ၊ လေ စသည့် သဘာဝပတ်ဝန်းကျင်တစ်ခုသာ ကျန်ရှိခဲ့သည်။

မြေရှားတူးဖော်နေသော ကချင်အထူးဒေသ ၁ ပန်ဝါသည် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ထိန်းချုပ်ထားသည့် တောင်ပေါ်နယ်စပ်ဒေသဖြစ်သည်။

မြေရှားထွက်ရှိတဲ့ ပန်ဝါဒေသ နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း(Photo – Global Witness)

တရုတ်ကုမ္မဏီများသည် ထိုခေါင်းဆောင်များနှင့် ပူးပေါင်းကာ မြေရှားသတ္တုတူးဖော်နေကြသည်။ ခိုင်မာသည့် နည်းစနစ်ကျသည့် မြေရှားသတ္ထုတူးဖော်များနှင့် ဆန့်ကျင်ကာ တူးဖော်နေကြသည်။ ထိုကြောင့် ထိုဒေသကို ထိန်းချုပ်ထားသည့် အဖွဲ့အစည်း၏ သဘာဝပတ်ဝန်းကျင် မူဝါဒ မရှိသည့်အတွက်ကြောင့် မိမိအဖွဲ့အစည်း၊ မိမိအာဏာ ကို ကာကွယ်ရန်သာ မူဝါဒရှိသည့်အတွက်ကြောင့် ထိုဒေသရှိသဘာဝပတ်ဝန်းကျင်မှာပိုမိုပျက်စီးဖို့ရန် သာရှိတော့သည်။ တရုတ်ကုမ္မဏီများထံမှ အကျိုးအမြတ်များကောင်းမွန်စွာ ဘဏ်အကောင့်များထံသို့ စီးဆင်းနေသောကြောင့် ထိုကုမ္မဏီများအပေါ် ထိန်းချုပ်ရန် ခက်ခဲသွားလေတော့သည်။

ပန်ဝါဒေသရှိ ဒေသခံပြည်သူများသည် မြေရှားသတ္ထုတူးဖော်မှုကြောင့် အခြားသောလူမှုရေးပြသာနာများ၊ စိုက်ပျိုးရေး၊ စီးပွားရေး ပြသာနာများလည်း ကြုံတွေ့လာရလေသည်။ တောင်ယာစိုက်ပျိုးသည့်လုပ်ငန်းများ၊ မိမိခြံမှ ထွက်သည့် အသီးအနှံတွေ၊ တရုတ်နိုင်ငံထဲသို့ တင်သွင်းမှု ၌ ပြသာနာရှိလာလေသည်။

အခုက ကျနော်တို့ဆီကထွက်တဲ့ ချောက်ကော၊ပါကော တွေ၊ ချဉ်စော်ကားသီး သစ်ကြားသီး၊ တရုတ်တွေဆီကို ရောင်းလို့မရတော့ဘူး ခက်ခဲလာတယ် ဘာဖြစ်လို့လဲဆို အဆိပ်သင့် တဲ့မြေကြီးက ထွက်တဲ့ အရာတွေကြောင့် ဝယ်ယူမှု နည်းပါးသွားတယ်ဟု ဒေသခံ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင် မြေရှုားတူးဖော်မှုကြောင့် ကွမ်ကျိုးတွင် မြေပြိုမှုပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့သည်။ ထို့အပြင် မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များအနီး သတ္တုများကို မူလနေရာတွင် အရည်ဖျော် စစ်ထုတ်ခြင်းကြောင့် အရိုးပွရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါများ နှင့် အစာအိမ်အူလမ်းကြောင်း၊ အရည်ပြား နှင့် မျက်စိပြဿနာများအပါအဝင် ကျန်းမာရေးပြဿနာ အမြောက်အမြားတို့ကို တွေ့ရှိရကြောင်း Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပန်ဝါဒေသ မြေရှားသတ္ထုတူးဖော်သည့် တည်နေရာ(Photo -Global Withness)

ပန်ဝါဒေသရှိ တရုတ်ကုမ္မဏီများ မြေရှားသတ္ထုရယူပုံမှာတောင်ပေါ်အနှံ့အပေါက်ဖောက်ကာ သိုလှောင်ထားသည့် ပျော်ရည်ကန်မှ ၎င်းအပေါက်ထဲသို့ ဓာတုပျော်ရည်များလောင်းထည့်ကာ တောင်အောက်မှ ထွက်လာသည့် မြေရှားသတ္ထုကို ရယူခြင်းဖြစ်သည်။ ထိုမြေရှားသတ္ထုကို အဆင့်ဆင့်ပြန်လည်သန့်စင်ကာ သယ်ဆောင်ကြလေသည်။

Global Witness ၏အစီရင်ခံစာတွင်မူ အာမိုနီယမ်ဆာလဖိတ် လောင်းထည့်ကာ လေးလံသည့်မြေရှားဒြပ်စင်အား တောင်အောက်မှ ရယူထားသည်ဟု ဖော်ပြထားသည်။ ထိုအာမိုနီယမ်ဆာလဖိတ်က တတောင်လုံးတွင်ရှိသည့် မြေရှားသတ္ထုများကို ဖမ်းယူပြီး တောင်အောက်ထဲသို့ ပြန်လည်စစ်ထုတ်ပေးလေသည်။ တောင်အောက်တွင်လည်း မြေရှားသတ္ထုရယူဖို့ အပေါက်ဖောက်ထားရလေသည်။ သဘာဝပတ်ဝန်းကျင်ပညာရှင်ကမူ မြေကြီးထဲသို့ လောင်းထည့်သည့်အရာကို အဆိပ်ရည်ဟု ရည်ညွန်းပြောဆိုလေ၏

ယခုအချိန်တွေ ဒေသခံများမှာ မြေရှားသတ္ထုတူးဖော်မှုကြောင့် ဖြစ်တည်လာသည့် ဆိုးကျိုးများကို ခံစားနေရပြီဖြစ်သည်။ မြစ်ချောင်းများတွင် ငါးဖမ်းခြင်း၊ ရေချိုးခြင်း၊ သောက်သုံးခြင်းများ မပြုလုပ်ကြတော့ပေ။ ၎င်းတို့နေထိုင်သွားလာလှုပ်ရှား အသက်မွေးဝမ်းကြောင်းပြုခဲ့သည့် နေရာများသည် အဆိပ်သင့်ဒေသ ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်သည်။

တောင်တွေကို အမှီပြုနေသည့် တောရိုင်းတရိစ္ဆာန်များလည်းနေထိုင်မှု မရှိတော့ကြောင်းသိရသည်။အနီပန်ဒါများ၊ မျောက်လွဲကျော် အကောင်များ၊ တောတောင်အတွင်းတည်ရှိနေသော ဇီဝမျိုးစုံမျိုးကွဲ သစ်ပင်များ  မျိုးတုန်းလုနီးပါး အန္တရယ်နှင့်ရင်ဆိုင်နေရကြောင်း Global Witness ၏ အစီရင်ခံစာ၌ဖော်ပြထားလေသည်။ ပန်ဝါဒေသရှိပြည်သူများမှာလည်း ထိုကဲ့သို့ အဖြစ်မျိုးနှင့်ရင်ဆိုင်ကြုံတွေ့ရမည့်ဘေးကို စိုးရိမ်နေကြသည်။

ထိုဒေသရှိ biodiversity မပျက်စီးဖို့အရေးတကြီး မြေရှားသတ္ထုတူးဖော်မှု အားနည်းစနစ်ကျစွာထိန်းချုပ်ဖို့ လိုအပ်နေပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပို၍ ထိခိုက်လာသည့် သဘာဝပတ်ဝန်းကျင် ကို ကုသဖို့ လိုအပ်နေပြီဖြစ်သည်။  အားလုံးဝိုင်းဝန်းကူညီဖို့ အချိန်ကျရောက်နေပြီဖြစ်သည်။

တောင်ထဲမှာ မြေရှားဒြပ်စင်တွေ မရှိတော့ဘူးဆိုရင် အနာဂတ်မှာ လူသားတွေ အသက်ရှင် နေထိုင်ဖို့ ခက်ခဲလာမယ်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင် Rev.Lachyung Hawng Hkawng ထပ်မံ သတိပေး ပြောဆိုသည်။

မြန်မာနိုင်ငံအတွက် ပိုပြီးကြောက်စရာကောင်းသည်မှာ မြေရှားသတ္ထုတူးဖော်မှုကြောင့် ဧရာဝတီ မြစ်၏ မြစ်လက်တက် ဖြစ်သည့် မေခမြစ်ထဲသို့ လည်း အဆိပ်ပျော်ရည်များ စီးဝင်လျှက်ရှိသည်မှာ မြန်မာပြည်သူများ၏ သောက်သုံးရေ မသန့်စင်မှု  အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။

ယခုပင် အဆိပ်ပျော်ရည်များ ကို သောက်သုံးနေရပြီ ဖြစ်သည်။

Show More

Related Articles

Back to top button