သတင်း

ကျွန်းလှနယ်တွင် စစ်ကောင်စီမှ မြေပြင်နှင့် လေကြောင်းလိုင်း ၂ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၊ ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ်မှ မြေပြင်နှင့် လေကြောင်းလိုင်း ၂ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ပြည်သူ ၂ဦး သေဆုံးပြီး အရပ်သားပြည်သူ ၂၀၀ ဝန်းကျင် ပိတ်မိနေကြောင်း ဒေသခံများထံမှသိရသည်။

ဩဂုတ်လ ၂၄ရက်နေ့မှစပြီး ကျွန်းလှမြို့နယ် ကုန်းစည်းကျေးရွာကို ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်မှ စစ်အင်အား ၁၀၀ ကျော်ပို့ခဲ့ပြီးနောက် ယမန်နေ့ ညနေ ၄နာရီဝန်းကျင်မှစကာ တည်ပင်ဆိပ်ကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းအမြစ် တစ်ဦး KNG ကိုပြောသည်။

သူတို့က ၂၄ ရက်‌နေ့ဝင်တယ်။ ၂၅ရက်နေ့ ညနေပိုင်းမှာ တည်ပင်ဆိပ်ကိုစစ်ကြောင်းတစ်ကြောင်းချတယ်။ အခုအထိ ရွာနှစ်ရွာကိုဝင်နေတာ။ ရဟတ်ယာဥ်နဲ့တည်ပင်ဆိပ်ကိုဝင်ပစ်ပြီး စစ်ခွေးတွေကိုချတော့ တည်ပင်ဆိပ်ကလူ၃ ၂၀၀ ဝန်းကျင်ကတော့ ဘုန်းကြီးကျောင်း စာသင်ကျောင်းထဲမှာပိတ်မိနေတယ်ခုချိန်ထိပေါ့။ ပြီးတော့ရဟတ်ယာဥ်နဲ့ပစ်လို့ အပြစ်မဲ့ပြည်သူက၂ယောက်ဆုံးပြီး ၂ယောက်ဒဏ်ရာရတယ်လို့ သတင်းရထားတယ်ဟုပြောဆိုသည်။

စစ်ကောင်စီတပ်မှ ရဟတ်ယာဥ် ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့် ပြည်သူ၂ ဦးမှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်သည်ဟုသိရသည်။

လက်တလော စစ်ကောင်စီတပ်ဖွဲ့များသည် အင်အားအလုံးအရင်းဖြင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာကြောင့် ကုန်းစည်းနှင့် တည်ပင်ဆိပ်ကျေးရွာအနီးမှ ရွာပေါင်း ၆ ရွာထက်မနည်း ဘေးလွှတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူများထံမှသိရသည်။

Show More

Related Articles

Back to top button