သတင်း

ပြည်သူ့စစ် စိုးမိုးသော ရှဒူးဇွပ်တစ်ဝိုက်တွင် တိုက်ပွဲမလိုလားကြောင်း ဒေသခံတစ်ချို့မှ KIA နှင့် စစ်ကောင်စီထံ တောင်းဆို

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်လာမည်ကို မလိုလားကြောင်း ဒေသခံတချို့သည် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ထံ သွားရောက်တွေ့ဆုံကာ တောင်းဆိုထားသည်ဟု သိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာများမှ ဘာသာရေးပေါင်းစုံ ရပ်မိရပ်ဖ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပြီးနောက် KIA နှင့် စစ်ကောင်စီကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှဒူးဇွပ် (Jahtu Zup) ဒေသခံတစ်ဦး KNG ကို ပြောသည်။

အဓိကတော့ တိုက်ပွဲတွေ မဖြစ်ပေးဖို့ထက် ပြည်သူတွေ အေးချမ်းစွာနေထိုင်ဖို့၊ အဲ့ဒါကို တာဝန်ရှိတဲ့ သူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးကြဖို့ စာတင်ပြတောင်းဆိုဖို့ ညှိနှိုင်းခဲ့ကြတယ် ဟု ပြောဆိုသည်။

တိုက်ပွဲ ဖော်ဆောင်ခြင်းမပြုရန် စာတင်ပြတောင်းဆိုမှုကို စစ်ကောင်စီ ဒေသကွပ်ကဲမှုစစ်ဌာနချူပ် (တနိုင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ စသည့် နေရာများသို့ တင်ပြခဲ့သည်ဟု သိရသည်။

ရှဒူးဇွပ်ဒေသအနီးတဝိုက်တွင် စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် KIA တပ်ရင်း ၁၄ တို့ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်အပြင် စစ်ရေးတင်းမာနေသည်မှာလည်း ၃ လခန့် ကြာမြင့်လာပြီ ဖြစ်သည်။

ထို့ကြောင့် ဒေသခံများသည် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားလာတော့မည်ဟု တွေးပူကာ ဘေးလွတ်နိုင်မည့်နေရာသို့ ကြိုတင် ပြောင်းရွေ့ထားသူများလည်း ရှိသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။

ဒီမှာက တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ရွာခံတစ်ချို့ ဖြစ်တဲ့ သက်ကြီးရွယ်အို ရှိတဲ့ အိမ်၊ နောက် ကလေးငယ်ရှိတဲ့ အိမ်တွေဆို ရွှေ့ပြောင်းနေထိုင် နေကြတယ်။ တစ်ချို့က ပစ္စည်းတွေ ရွှေ့ပြောင်းထားကြတယ်။ ပြီးရင် ရှဒူးဇွပ်အနီးမှာရှိတဲ့ ရွှေမှော်က လုပ်ငန်းရှင်တွေလည်း ထွက်နေကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေသခံပြည်သူများ စာတင်ပြတောင်းဆိုထားသည့်အပေါ် စစ်ကောင်စီ နှင့် KIA ထံမှ တစ်စုံတစ်ရာ တုန့်ပြန်ချက်ကို မရရှိသေးကြောင်း ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် စံပြကျေးရွာရှိ မင်းဇင်သန့် ပြည်သူ့စစ်စခန်းကို KIA တပ်ရင်း ၁၄ အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

Show More

Related Articles

Back to top button