သတင်း

အင်းတော် ရဲစခန်း နှင့် စာသင်ကျောင်းတွင် မိုင်းပေါက်ကွဲ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မရဲစခန်းနှင့် အင်းတော် အ..က ကျောင်းတွင် ယမန်နေ့ည ၉နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။

အင်းတော် အ..က ကျောင်းဝန်းအတွင်းတွင် တစ်လုံး၊ အင်းတော်မြို့မ ရဲစခန်းနောက်ဖေးတွင် နှစ်လုံးဆင့်တချိန်တည်း ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ကပြောသည်။

မနေ့ည ၉နာရီကျော်ကျော်လောက်မှာ ကျောင်းမှာအရင်ပေါက်ကွဲသံကြားပြီး ၁၀ မိနစ်လောက်ကြာတော့ ရဲစခန်းမှာ နှစ်လုံးထပ်ကွဲတယ် လို့ ဒေသသတင်းရင်းမြစ်ကပြောသည်။

ပေါက်ကွဲချိန်တွင် လူထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီတပ်များသည် ယနေ့နံနက်ပိုင်းမှစကာ အင်းတော်မြို့တွင်း ပြည်သူများ၏ နေအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အင်းတော်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ၎င်းတို့ လုပ်ဆောင်ခြင်းမရှိကြောင်း အင်းတော် PDF တာဝန်ရှိသူက KNG ကို ပြောသည်။

သူတို့ဘက်ကထောင်ထားတဲ့မိုင်းနေမှာ ကျွန်တော်တို့အဖွဲ့က လုပ်တာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အရင်တစ်ခေါက် မဲဇာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် သူတို့ရဲစခန်းတွေမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထောင်ထားတယ်လို့ သိရတယ်။ ကျနော်တို့ လုပ်တာတော့ မဟုတ်ပါဘူး လို့ အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီနှင့် ဆက်စပ်သည့်ရုံးများနှင့် ရဲစခန်းတွင် အင်းတော် PDF ဘက်မှ ယခင်က ဖောက်ခွဲမှုပြုလုပ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်ပေါက်ကွဲမှုမှာ အင်းတော် PDF  မဟုတ်ကြောင်း ပြောသည်။

Show More

Related Articles

Back to top button