သတင်း

နောင်မွန်မြို့ပေါ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် နေအိမ်အချို့ ရွေ့ပြောင်းနေရ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူအချို့ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

နောင်မွန်မြို့တွင် လွန်ခဲ့သည့် ၃ ရက်ခန့်မှ စတင်ပြီး မလိခမြစ် လက်တက်တွင် မိုးသည်းထန်စွာ ရွာသွန်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့တွင်းသို့ ရေဝင်ရောက်ခဲ့ပြီး မြေနိမ့်ပိုင်းရှိ လူနေအိမ်အချို့ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း နောင်မွန်ဒေသခံ လူငယ်တစ်ဦးက KNG ကို ပြောသည်။

နောင်မွန်မြို့ထဲမှာက အဲလောက်မရွာဘူး။ မြစ်လက်တက်မှာ မိုးကြီးတော့ ဒီဘက်ကိုရေဝင်တာ။ အခုမြေနိမ့်ပိုင်း ရပ်ကွက်က လူနေအိမ် ၂၀ ကျော်လောက်က ကုန်းပေါ်တက်နေရတယ်၊ အခုနေ့လယ်ထိတော့ ၂၀ ကျော်လောက် ပြောင်းနေပြီ” ဟု ပြောသည်။

ယနေ့ နေ့လည်ပိုင်းအထိ မြေနိမ့်ပိုင်း အမှတ် ၂ ရပ်ကွက်တွင် ရေစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀ ကျော်က ကုန်းမြင့်ပိုင်း ဖြစ်သည့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်ရှိ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွေ့နေရကြောင်း သိရသည်။

အထက်ပိုင်းမှာ ဒီတိုင်းပဲမိုးဆက်ရွာရင်တော့ ခြေနေပိုးဆိုးနိုင်တယ်။ ရေဒီထက်ကြီးလာရင်တော့ ရပ်ကွက် ၃ ရပ်ကွက် ၄ အထိရေဝင်မှာ။ အဲ့ဆိုတော့ခြေနေပိုးဆိုးလာမယ် ရေဘေးသင့်တွေများလာနိုင်တယ်ဗျ ဟု ဒေသခံ တစ်ဦးက ပြောသည်။

နောင်မွန်မြို့တွင် ယခင်နှစ်ကလည်း ရေကြီးရေလျှံမှု တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

နောင်မွန်မြို့နယ်သည် ပန်နန်းဒင်မြို့အပါအဝင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၃ စု ကျေးရွာ ပေါင်း ၄၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ နီးပါး ကျော်နေထိုင်ကြောင်းသိရသည်။

Show More

Related Articles

Back to top button